
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေး ရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး KIA က ဆိုင်းတောင် ရဲစခန်းကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ဆိုင်းတောင်ရဲစခန်းကို ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင် KIAက သိမ်းပိုက် လိုက်ကြောင်း သိရသည်။
KIA က ဆိုင်းတောင်ရဲစခန်းကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် နံနက် ၁၀ နာရီမှစ၍ နေ့လယ် ၂ နာရီ၃၀မိနစ်အထိ ဂျက်ဖိုက်တာနှစ်စီးဖြင့် ဆိုင်းတောင်ကျေးရွာပတ်လည်ကို ဗုံးများလာရောက် ကြဲချ ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“မနက် ၆ နာရီမှာ ဆိုင်းတောင်ရဲစခန်းကို KIA က ဝင် စီးတယ်။ စခန်းမီးရှို့တာက စစ်ကောင်စီကရှို့တာ။ ထွက်မပြေးခင် စခန်းကို လက်လွှတ်ခဲ့ရမှာကြောင့် မီးရှို့ဖျက်ဆီးပြီး ကိုယ်လွတ်ရုန်း ပြေးသွားတယ် လို့လည်း ကြားတယ်။ အဲဒီဘက်က ဖုန်းလိုင်းအခက်အခဲတွေရှိတော့ မီးခိုးတွေတက်လာမှ အခြေ အနေကို မေးမြန်းစုံစမ်းရတာ။ အခုလက်ရှိ ရပ်ကွက် (၄) မှာ ဗုံးကျပြီး နေအိမ်တွေ မီးလောင် ပျက်စီးကုန်တယ်”ဟု ဖားကန့်ဒေသခံတဦး က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၄) နှင့် ဆိုင်းတောင်တံတားအနီးရှိ နေရာ အများစုမှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ဒေသခံအချို့လည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းထိုး တပ်စွဲနေသည့် ကျောက်သွေးတောင်နှင့် စစ်တပ်ကုန်းဘက်သို့ လည်း ဗုံးများကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်များ မီး လောင်ပျက်စီးလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့မှ၍ ဆိုင်းတောင် ကျေးရွာအတွင်းသို့ စစ်ကြောင်း သုံးကြောင်းခွဲ၍ ထိုးစစ်ဆင်ဝင်ရောက်လာသည့်အတွက် KIA နှင့် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။
ယမန်နေ့ စက်တင်ဘာ ၁၁ ရက်နေ့ကအထိ ကျောက်သွေးတောင်ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီတပ်ကို KIAက ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီသည် ဆိုင်းတောင် ရပ်ကွက် (၂) ရှိ Lucky Man ဟိုတယ်အတွင်းရှိ ဖမ်းဆီးထားသူများကို ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘဲ PCG ခေါင်းဆောင် ဦးယွတ်ဇော်ခေါင်၏ သွားရောက်ညှိ နှိုင်းမှုကိုလည်း လက်ခံခြင်းမရှိကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီဗုံးကြဲ၍ ဆိုင်းတောင် ရပ်ကွက် ၄မှနေအိမ်များ မီးလောင်နေစဥ်
#ကချင် #ဖားကန့် #ဆိုင်းတောင်ရဲစခန်း #KIA #သိမ်းပိုက် #စစ်ကောင်စီဗုံးကြဲ #Ayeyarwaddy_Times