ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၁၂ ရက်

ကရင်နီပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီး ရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်စခန်းအချို့မှာလည်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီလူးချောင်းနှင့် ပွန်းချောင်းမှ ရေလျှံမှုများ ရှိလာသည့် အတွက် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအချို့မှာလည်း ရေနစ်မြုပ်မှုများရှိနေကြောင်း သိရသည်။

ထို့ပြင် ဖရူဆိုအနောက်ဘက်ခြမ်းတွင်လည်း မြေပြိုမှုများဖြစ်ပွား‌နေသည့်အတွက် လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နေပြီး ဒီးမော့ဆိုအနောက်ခြမ်းရှိ ကန်သာယာစစ်ဘေးရှောင်စခန်းတွင်လည်း မြေပြိုမှုကြောင့် ‌နေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အထူးသဖြင့် ထူးချောင်းရေကြီးတာရှိတယ်။ နောက်ပွန်းချောင်း ဘီလူးချောင်းထဲ ရေရောက်လို့ ရေကြီးတာရှိတယ်။ ဘီလူးချောင်းရေတွေကလည်း ရေကာတာလွှတ်တာလည်းပါတယ်။ နောက် နေရာတိုင်းမှာ မိုးရွာတော့ ပွန်းချောင်းတောက်လျှောက်ရေကြီး၊ မိုးကြီးတော့ရေတက်တာကြောင့် စစ်ရှောင် စခန်းသုံးလေးခုလောက်ရေဝင်သွားတယ်။ တချို့နေရာမှာတော့တောင်ကျရေရှိတယ်။ တချို့ဒေသမှာ မိုးရွာမြေပြိုတော့လမ်းပမ်းဆက်သွယ်ရေးပိတ်မိသွားတာရှိတယ်ပေါ့နော်။ အဲ့တာလည်း ကြုံရတယ်။ ‌နောက်ပြီးရေတက်တော့ တချို့သွားလာရတာ မရလို့ ပိတ်မိတာ၊ ကုန်စည်စီးဆင်းမှု ပိတ်မိတာ ရပ်သွားတာရှိတယ်” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ယမန်နေ့ကလည်း ဒီးမော့ဆိုမှ ဖားဆောင်းဘက်သို့ သွားရာလမ်းပိုင်းရှိ ထူးချောင်းရေကြီး မှုကြောင့် ကားနှစ်စီး ရေစီးဖြင့်မျောပါးသွားကာ မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပျက်စီးမှု အခြေအနေများရှိ၍ လမ်းခရီးကျန့်ကြာမှုများလည်းရှိနေကြောင်းသိရသည်။

ထို့ပြင် မိုးဗြဲရေကာတာမှ ရေလျှံလာမှုများအပြင်‌ ချောင်းရေလျှံမှုများကြောင့်လည်း စပါးခင်း ဧက ပေါင်းများစွာ ပျက်စီးခဲ့ရပြီး ‌အရေအတွက် အတိအကျကိုစာရင်းပြုစုနေကြောင်းလည်း IEC ထံကသိရသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်း ထန်စွာရွာသွန်းနေပြီး ကုန်းတွင်းပိုင်းဒေသများဖြစ်သည့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်းစသည့် ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်၊ PNLA
#ကရင်နီ #ရေကြီးရေလျှံ #မြေပြို #မိုးသည်းထန်စွာရွာသွန်း #Ayeyarwaddy_Times