ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

စစ်မှုမထမ်းမနေရဥပဒေဖြင့် ချွေးတပ်ဆွဲသလို အတင်းအဓမ္မစုဆောင်းခေါ်ယူခြင်းခံခဲ့ရသည့် ပြည်သူ့စစ်မှု ထမ်းသင်တန်း အပတ်စဉ် (၁) မှ စစ်သင်တန်းဆင်းများ တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်း နယ်မြေများသို့ ပို့ခံရပြီး ၄၀၀ ကျော်သေဆုံးကြောင်း သိရသည်။

စစ်ခေါင်းဆောင်က စစ်မှုမထမ်းမနေရ ဥပဒေဖြင့် မြို့ ရွာများအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို အဓမ္မတပ်သားသစ်စုဆောင်း၍ ၂၀၂၄ ဧပြီလတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ကို စတင်ခေါ်ယူခဲ့သည်။

ထိုသို့ ခေါ်ယူထားသည့် အမှတ်စဉ်(၁)မှ စစ်သင်တန်းဆင်းများသည် တိုက်ပွဲပြင်းထန်နေသော ရှမ်းမြောက်နှင့် ရခိုင်ပြည် နယ်သို့ ပိုဆောင်ခြင်းခံခဲ့ရပြီး ၄၀၀ ကျော်သေဆုံးကြောင်း စစ်မှုထမ်းသင်တန်း သားစုဆောင်းရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

“တကယ့်အသည်းအသန်ဖြစ်နေတဲ့ တိုက်ပွဲထဲကို ပို့လိုက်တာ။ ရက်တိုသင်တန်းပေးထားတဲ့‌ ကလေးတွေ။ ကျည်ကုန်လို့ နောက်ထပ်မဖြည့်တတ်တဲ့သူတွေ။ ရှေ့ တန်းမထွက်ရဘူးဆိုပြီး စုဆောင်းခဲ့တာ။ ခုသေဆုံး ကြောင်းတွေကို မိသားစုတွေဆီ အကြောင်းကြားပေးနေတာတော့ရှိတယ်”ဟု စစ်မှုထမ်းသင်တန်းသားစု ဆောင်းရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက လက်ရှိတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) အထိ ခေါ်ယူသင်တန်း ပေးနေပြီး ယခုလတ်တ‌လောတိုက်ပွဲများအတွင်း သေဆုံးသူအများစုသည် အမှတ်စဉ် (၁) မှသင်တန်းဆင်းများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက တိုက်ပွဲပြင်းထန်ခဲ့သည့် သံတွဲတိုက်ပွဲအတွင်းသို့ စစ်ကောင်စီက အမှတ်စဉ်(၁) မှ သင်တန်းသားအချို့ကို ရက်တိုစစ်သင်တန်းပေး၍ ရခိုင်ရှိ သံတွဲ၊ ငပလီ၊ ဂျိတ္တတောတို့သို့ ပို့ဆောင်ခဲ့ရာ သေဆုံးမှုများပြားကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအဆက် ရှမ်းမြောက် တိုက်ပွဲများတွင်လည်း စစ်ကောင်စီက အပတ်စဉ် ၁၊ ၂၊ ၃ မှစစ် သင်ဆန်းဆင်းများကို လားရှိုး၊ ကျောက်မဲနှင့် သီပေါ မြို့များရှိ တိုက်ပဲဖြစ်ပွားရာနေရာများသို့ ပို့ဆောင်ခဲ့ သည်။

စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှ သင်တန်းဆင်းများ တိုက်ပွဲအတွင်း ဒဏ်ရာရရှိပါကလည်း ဆေးကုသမှုမပေးဘဲ နေအိမ်သို့ ပြန်လည်စေလွှတ်မှု များရှိသလို တိုက်ပွဲအတွင်း ထွက်ပြေးသည့် သင်တန်းသားများကိုလည်း စစ်ကောင်စီက လိုက်လံ၍ ပစ်ခတ်ဖမ်းဆီးသောကြောင့် သေဆုံးမှုများ ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်းမှ စစ်မှုထမ်းသင်တန်းဆင်းများ ရှေ့တန်းပို့ခံရ၍ သေဆုံး သူများ၏ ခြေသည်း၊ လက်သည်း၊ ဆံပင်နှင့် လျော်ကြေးငွေကျပ် နှစ်သိန်းတို့ကို ၎င်းတို့၏ မိသားစုဝင်များထံ သေဆုံးကြောင်း အကြောင်းကြားစာနှင့်တကွ ပေးပို့မှုများ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က ဂွမြို့နယ်၊ ဂန့် ဂေါ်တောင်ဆည် အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကုလားပြင်ကျေးရွာ စစ်စခန်းမှ ထွက်ပြေးသည့် စစ်သင်တန်းဆင်း ကိုး ဦးနှင့် ဂွမြို့နယ် မင်းတောင်ဘုရား ကုန်းတွင် တပ်စွဲထားသည့် တပ်စခန်းမှ ထွက်ပြေး သော စစ်ကောင်စီတပ်ဖွဲ့ ရှစ် ဦး စုစုပေါင်း ၁၇ ဦးကို စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ် များထံက သိရသည်။

ထွက်ပြေးသွားသူများထဲမှ အချို့ကို ပစ်ခတ်သတ် ဖြတ်ပြီး အချို့ကိုမူ ရိုက်နှက်ဖမ်းဆီးကာ တိုက်ပွဲ အတွင်းသို့ ပြန်လည်စေလွှတ်ကာ တိုက်ခိုက်ခိုင်းကြောင်း သိရသည်။

ယခုလက်ရှိတွင် ရခိုင်တိုက်ပွဲများတွင်သာမက ရှမ်းမြောက်ရှိ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ အမြောက်တပ်များ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက သင်တန်းပေးထားသည့် သင်တန်းသား အများစုကို အသုံးပြုထားကြောင်း သိရသည်။

စစ်ကောင်စီက စစ်မှုထမ်း၍ပဒေဖြင့် သင်တန်းသား သစ်ခေါ်ယူရာတွင် လစာ၊ စားနပ်ရိက္ခာ၊ သက်စွန့်စရိတ်နှင့် နစ်နာကြေးများပေးမည်ဟု ပြောဆို၍ခေါ် ယူခဲ့သော်လည်း လက်ရှိတွင် အများစုမှာ လစာပင်ပုံမှန်မရဘဲ ဒဏ်ရာရရှိပါက မိသားစုကိုယ်တိုင် ဆေးကုသစရိတ်ပေး၍ ကုသ‌ပေးနေရကြောင်း သိရသည်။

ယခုသေဆုံးသည့် စစ်သင်တန်းဆင်း ၄၀၀ ကျော်ဆို သည့်စာရင်းမှာ မြေပြင်တိုက်ပွဲများတွင် ပျမ်းမျှ ကောက်ယူထားသည့် စာရင်းနှင့် မိသားစုဝင်များမှ ဆက်သွယ်သတင်းပေးလာသည့် စာရင်းကိုသာ ဧရာ၀တီတိုင်းမ်းအနေဖြင့် သိရှိထားရခြင်းဖြစ်ပြီး လက်တွေ့တိုက်ပွဲများတွင်မူ ယခု ထက်သေဆုံးမှု ပိုမိုများပြားနိုင်သည်။

ပုံစာ-စစ်ကောင်စီက ခေါ်ယူခဲ့သည် စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁)မှ သင်တန်းသားများ

#ပြည်သူ့စစ်မှုထမ်း #သင်တန်းဆင်း #အပတ်စဉ်၁ #သင်တန်းသား၄၀၀ကျော် #ရှေ့တန်းတိုက်ပွဲ #သေဆုံး #Ayeyarwaddy_Times