ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ စက်တင်ဘာ ၁၁ ရက်
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကလင်းဆိပ် ကျေးရွာစာသင်သင်ကျောင်းနှင့် ရှားတောကျေးရွာများသို့ စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဒရုန်းဖြင့်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသထံက သိရသည်။
ကလင်းဆိပ်ကျေးရွာ စာသင်ကျောင်း နှင့် ရှားတောရွာ သို့ အကြောင်းမဲ့ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း ဒေသခံ သုံး ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ကာရရှိကာ လေးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
“တိုက်ပွဲကြောင့်တော့မဟုတ်ဘူး။ ရေတာရှည်မြို့နယ်ဆိုတာက နေပြည်တော်နဲ့ အနီးဆုံးရှိတဲ့ နေရာ ဒေသတစ်ခုဖြစ်တဲ့အတွက် စစ်ရေးအရလက်ဦးမှုရယူချင်တာပေါ့။ ဒါပေမဲ့ ထုံးစံအတိုင်းပဲ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာပေါ့” ဟု အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရေတာရှည်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကို အကြောင်းမဲ့ လုပ်ဆောင် နေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ကျွဲကောပင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ တိုက်ခိုက်၍ ၁၂၀-မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကလေးနို့ တိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ကလေးငယ် နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီ၏အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အမှတ်(၂) စစ်ဒေသခွဲတွင် ပြီးခဲ့သည့် ဩဂုတ်လတစ်လ အတွင်း၌ ကလေးငယ်များအပါအဝင် အရပ်သား ၁၈ ဦး သေဆုံးခဲ့ပြီး ၃၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#အမှတ်၂စစ်ဒေသခွဲ_တောင်ပိုင်းစစ်ဒေသ #ရေတာရှည် #လေကြောင်းတိုက်ခိုက် #ဒရုန်း #ဒေသခံ #သေဆုံး #Ayeyarwaddy_Times