
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
မြန်မာနှင့်ရုရှား စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မြန်မာနိုင်ငံတွင်ရွက်ဖျန်း အားဆေးရည် ထုပ်လုပ်သည့်စက်ရုံတည်ဆောက်နိုင်ရန်ပူးပေါင်းဆောင်ရွက်မှုမှုစာချွန်လွှာ (MoC) လက်မှတ်ရေးထိုးကြောင်း ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့စစ်ကောင်စီအာဘော်သတင်းစာတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၃ ရက်မှ ၆ ရက်နေ့ထိ ကျင်းပသည့် ၉ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးအဖွဲ့နှင့် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov ခေါင်းဆောင်သောအဖွဲ့တို့ စတုတ္ထ အကြိမ် တွေ့ဆုံရာတွင် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
သဘောတူညီမှုအရ ပထမအဆင့်အနေဖြင့် ရွက်ဖျန်းအားဆေးရည်ထုတ်လုပ်ခြင်းလုပ်ငန်းများကို စီစဉ် ထားသည့်အတိုင်းလုပ်ဆောင်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် သဘာဝဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနှင့်ရုရှားနိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန်အပါအဝင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့်အခြေအနေများနှင့် နှစ်နိုင်ငံခရီးသွားများပိုမိုလည်ပတ် နိုင်ရန်ကိစ္စများ ကိုလည်း ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြန်မာ-ရုရှား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၊ စားရေးရိက္ခာ ဖူလုံရေးဆိုင်ရာဆွေးနွေးမှုအပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များဆန်နှင့်ပဲမျိုးစုံအတွက် ဈေးကွက် အခွင့်အလမ်းရရှိရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များဆွေးနွေးကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထံက သိရသည်။
ဓာတ်ပုံ – MOI
#မြန်မာရုရှား #ရွက်ဖျန်းဆေးရည်စက်ရုံ #လက်မှတ်ရေးထိုး #စစ်ကောင်စီ #Ayeyarwaddy_Times