
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIAနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၀ရက်က ဆိုင်းတောင် ရပ်ကွက် ၂ရှိ Lucky Man Hotelတွင် တပ်စွဲ ထားသောစစ်ကောင်စီတပ်ကို KIAက ဝိုင်းပတ်ပိတ်ဆို့ထားပြီး ကျောက်သွေးတောင်မှ စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်စစ်ရေးတင်းမာမှုကိုဖြေရှင်းရန်နှင့် Lucky Man Hotelအတွင်း ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့က ညှိနှိုင်းဆွေးနွေးပေးဖို့ သွားရောက်သည့် PCGခေါင်းဆောင် ဦးယွတ်ဇော်ခေါင်ကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ဘယ်ဘက်ပေါင်၌ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
“ဟိုတယ်ထဲက အရပ်သားတွေလား၊ PDFတွေလားတော့မသိဘူး စစ်ကောင်စီက ပစ်သတ်တာ ခုနစ်ယောက်ရှိသွားပြီကြားတယ်။ ဖမ်းထားတဲ့အထဲက ၁၀ယောက်လောက်ကို နေ့တိုင်းလို ကြိုးတုတ်၊ နေထုတ်လှမ်း၊ ရိုက်နှက်တာတွေလည်းလုပ်တယ်” ဟု ဖားကန့်ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA သည် တိုက်ပွဲပြင်းထန်နေ၍ ဖားကန့်ရှိ ဆိုင်းတောင်၊ ဆန်းကြွယ်၊ မောတောင်း၊ ရပ်ကွက် (၂)၊ သာယာကုန်း၊ ယူမာ၊ မမုန်၊ ဖားပြင်တို့မှ ဒေသခံများကို စစ်ရှောင်ကြရန် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ကတည်းက ပြောထားကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့်စက်တင်ဘာ ၇ရက်နေ့ နံနက် ၁ နာရီမှစတင်၍ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအတွင်းသို့ စစ်ကောင်စီက စစ်ကြောင်း သုံးကြောင်းခွဲ ဝင်ရောက်လာကာ ဆိုင်းတောင် ရပ်ကွက် (၂) အတွင်းရှိ Lucky Man Hotel အတွင်း ပစ်ခတ်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၇ရက်မှစ၍ ယနေ့ စက်တင်ဘာ ၁၁ရက်နေ့အထိ နှစ်ဖက်ပစ်ခတ်နေသည့် လက်နက်ကြီး သံများကြားနေရပြီး ဆန်းကြွယ်၊ မောတောင်းနှင့် ရပ်ကွက် (၂) အတွင်းရှိနေအိမ်များ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
#ဖားကန့် #ဆိုင်းတောင် #စစ်ကောင်စီ #KIA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times