ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်သော ယာဂိမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုထပ်မံဖြစ်ပွားခဲ့ပြီး နေပြည်တော်တပ်ကုန်းမြို့တွင် ရေစီးသန်စွာအရှိန်ဖြင့် မြို့တွင်းဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုဆိုးရွားကာ ရေကြီးရာဒေသများတွင် ဆက်သွယ်ရေးများ ပြတ်တောက်နေကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့က ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော ကလောမြို့အပါအဝင် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများနှင့် လျှပ်စစ်မီးများပါ ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။
ယာဂိအကြွင်းအကျန်လေပွေလှိုင်းများသည် ရှမ်းပြည်နယ်ကိုဖြတ်ကျော်၍ မြန်မာနိုင်ငံအလယ်ပိုင်း ရောက်ရှိပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် နေရာအနှံ့အပြားရေကြီးရေလျှံနေကာ မြို့အများအပြားတွင် ဆက်သွယ်ရေး ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း နှင့် နေပြည်တော်ရှိ တပ်ကုန်းမြို့၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့တွင် ယမန်နေ့ နေ့လယ်ပိုင်းကတည်းက တစ်ညလုံးမိုးရွာသွန်းမှုကြောင့် ရေများတက်လာပြီး နေအိမ်တစ်ထပ်နစ်မြုပ် သည့်အထိ ရေလွှမ်းမိုးနေကြောင်း ဒေသခံများထံက သိရသည်။
“ မနက်က အမေတို့နဲ့အဆက်အသွယ်ရသေးတယ်။ ဒီမနက်ထိအိမ်မှာရေမတက်သေးဘူး။ အမျိုးတွေ အိမ်တွေ ရေအိမ်အောက်အထိမြုပ်ကုန်လို့ အိမ်မှာခေါ်ထားတယ်ပြောတယ်။ အဲဒီအနားက ရေမြှုပ်တဲ့ နေအိမ်ကလူတွေ အကုန်အိမ်မှာ အယောက် ၂၀ လောက်ရှိတယ်။ အခုတော့ ဖုန်းလိုင်းတွေ အကုန်အဆက်မသွယ်မရဘူး ” တပ်ကုန်းဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တပ်ကုန်းမြို့နယ်ရှိ ခုတင် ၁၀၀ ဆေးရုံ ရေမြုပ်သဖြင့် ဆေးရုံတက်လူနာများကို ရွှေ့ပြောင်းထားရပြီး ဆက်သွယ်ရေးမရသဖြင့်စိတ်ပူကြောင်း တပ်ကုန်းဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။
လက်ရှိတွင်တပ်ကုန်းမြို့ရှိ ဆည်အသေးလေးများတွင် ရေမနိုင်သဖြင့်ရေလွှတ်မှုနှင့် ရယ်ချောင်းရေ တက်မှုကြောင့် ရေကြီးမှုပိုဆိုးပြီး စိုက်ပျိုးရေးပေးဝေသော ဆင်သေဆည်အကြီးစားရှိသဖြင့် ဆည်ကျိုးမည်ကိုစိုးရိမ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင်ရေကြီးရေလျှံမှုဖြစ်ပွားနေသောမြို့များတွင် ရေစီးသန်မှုကြောင့် နေအိမ်များတွင် ပိတ်မိနေသူများ ကို လူမှုကူညီရေးအဖွဲ့များက ကူညီကယ်ဆယ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန် ထားသော်လည်း ရေကြီး ရေလျှံမှုမှာ တစ်နိုင်ငံလုံး ဖြစ်ပွားနေသောကြောင့် ဒေသအများအပြားတွင် ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းအပြင် ကမ်းရိုးတန်းဒေသ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်ရှိမြို့များတွင်လည်း ရေကြီးရေလျှံကာ ရေလွှမ်းမိုးမှုကြောင့် နေအိမ်များနစ်မြုပ်ကာ ကူညီကယ်ဆယ်ရေးများလို အပ်နေကြောင်းဒေသခံများထံက သိရသည်။
ထို့ပြင်ယာဂိအကြွင်းအကျန်လေပွေလှိုင်းသည် အနောက်- အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး လာမည့်နှစ်ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဆက်လက်ဖြတ် ကျော်နိုင်သဖြင့် မိုးပိုလာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန (မိုး/ဇလ) ကထုတ်ပြန်သည်။
ယင်းပြင်ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလထံက သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာမိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးကြောင်း၊ မိုးရေ ချိန်များအနေဖြင့် သာစည်တွင် ၁၁ ဒသမ ၈၉ လက်မ၊ ရမည်းသင်းမြို့တွင် ၁၁ ဒသမ ၂၂ လက်မ၊ ပျော်ဘွယ်မြို့ တွင် ၁၀ဒသမ ၅၆ လက်မ၊ ဘားအံမြို့တွင် ၇ ဒဿ၃၆ လက်မ ကြာအင်းဆိပ်ကြီးမြို့တွင် ၇ ဒဿမ ၉၆ လက်မ၊ ကျိုက်မရောမြို့တွင် ၅ ဒဿမ ၆၃ လက်မနှင့် ငပုတောမြို့တွင် ၅ ဒဿမ ၄၃ လက်မတို့ဖြစ်ပေါ်ကြောင်းသိရသည်။
ထို့ပြင်တောင်ပေါ်ဒေသ ပင်လောင်းမြို့တွင် ၈ ဒဿမ ၅၈ လက်မ၊ လွိုင်လင်မြို့တွင် ၆ ဒဿမ ၅၀ လက်မ၊ တောင်ကြီးမြို့တွင် ၆ဒဿမ ၁၁ လက်မဖြင့် မိုးရေချိန်များကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နိုင်ငံတစ်ဝန်းရေကြီးရေလျှံ #နေပြည်တော်တပ်ကုန်း #အလယ်ပိုင်းဒေသ #ရှမ်းပြည်နယ် #Ayeyarwaddy_Times