ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်းရှိ ကျေးရွာများမှ ဒေသခံများ စားနပ်ရိက္ခာထွက်၍ ဝယ်ယူသည်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ချမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခု စက်တင်ဘာ ပထမပတ်အတွင်းတွင် ကျောက်ဖြူမြို့နယ်အတွင်းမှ အမျိုးသား ၇ဦးနှင့် အမျိုးသမီး ၄ဦးတို့ကို တရားမဝင်စားနပ်ရိက္ခာ သယ်ယူမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ရက်နေ့နှင့် ၈ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၇ဦးအနက် ၂ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီး ငါးဖမ်းစက်လှေတစ်စီးနှင့် အမျိုးသား ၅ဦးကိုမူ ဆက်လက်ဖမ်းဆီးသိမ်းယူထားကြောင်း သိရသည်။

“ငလပွေ့ရွာနဲ့၊ ကြံချိုင်ရွာကလူတွေအဖမ်းခံရတာ။ စားနပ်ရိက္ခာ တရားမဝင်သယ်တယ်လို့ပြောတယ်။ အခုဟာက ကျေးရွာထဲဈေးတွေကြီးနေတာ ဈေးတန်တန်လေးရတဲ့နေရာရှိလည်း ထွက်မဝယ်ရဲဘူး။ ဘယ့်နှယ် မှောင်ခိုခေတ်ကျလို့။ အဓိပ္ပါယ်မရှိ ဖမ်းနေတယ်။ အခု ရဲအချုပ်ထဲ ဖမ်းထားတုန်းတဲ့” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့က ကျောက်ဖြူ၊ ဂုံးချွိန်ကျေးရွာအနီး အခြေခံစားသောက်ကုန်အချို့ ဝယ်ယူ၍ လှေဖြင့်ပြန်လာသည့် အမျိုးသမီး ၄ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသမီး‌ ၄ဦးကို စားနပ်ရိက္ခာတရားမဝင်သယ်ယူမှုဖြင့် စက်တင်ဘာ ၉ရက်နေ့တွင် ကျောက်ဖြူတရားရုံးက ထောင်ဒဏ် ၁လစီချမှတ်လိုက်ကြောင်း သိရသည်။

“လှေကျောင်ချောင်းကို လှေနဲ့ဖြတ်ကူးလာတုန်းဖမ်းသွားတယ်။ စားနပ်ရိက္ခာ ခိုးသယ်လို့တဲ့။ ကျွန်မတို့အဖြစ်က မဆလ ခေတ်ပြန်ရောက်နေတာ။ ထန်းလျက်ခဲ ယောင်ထုံးထဲ ဝှက်သယ်ရမလိုပဲ” ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးကပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ မြို့နယ်များ အဝင်အထွက်ကို အထူးပိတ်ဆို့ထားပြီး ဆန်နှင့်ဆေးဝါး ဝယ်ယူတင်သွင်းလာခွင့်ကို အထူးတားမြစ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်ကို စစ်ရေးပြင်းထန်လာသည့် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ပြည်နယ် အဝင်အထွက်ကို ပိတ်ဆို့ထားသည့်အတွက် ပြည်နယ်အတွင်း အချို့နေရာများတွင် စားနပ်ရိက္ခာပြတ်လပ်ပြီး ရှိသည့် ကုန်ပစ္စည်းများကို ဒေသခံများမှာ ဈေးကြီးပေး၍ ဝယ်ယူနေရကြောင်း သိရသည်။

#ကျောက်ဖြူ #စစ်ကောင်စီ #စားနပ်ရိက္ခာဝယ်ယူသူ #တရားမဝင် စားနပ်ရိက္ခာဝယ်ယူမှု #ဖမ်းဆီး #Ayeyarwaddy_ Times