ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

ဧရာတတီတိုင်း၊ မြန်အောင်မြို့နယ် ရှားတောကျေးရွာတွင် အမျိးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများကို ထောက်ခံကြောင်း Tik Tok တွင် တင်သည်ဟုဆိုကာဒေသခံအမျိုးသားတစ်ဦးအား ယမန်နေ့ စက်တင်ဘာလ၁၀ရက်က ကောင်စီတပ်မှလာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်ရှားတောကျေးရွာ၌နေထိုင် သော အသက် ၂၆နှစ်အရွယ်ရှိ ကိုဇင်မိုးဆိုသူကို စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှ နေအိမ်သို့လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူ၏မိသားစုဝင်များထံက သိရသည်။

“ ကိုဇင်မိုးကို တစ်တော့မှာ NUG နဲ့ PDF အကြောင်းတွေပို့စ်တင်တယ်ဆိုပြီးတော့လာဖမ်းသွားတယ်။ မနက်အစောကြီးရဲတွေနဲ့စစ်သားတွေ အိမ်ကိုလာပြီးတော့ အတင်းရိုက် ပြီးတော့ဖမ်းသွားတာ” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူကို လက်ရှိတွင်မြန်အောင်မြို့နယ်ရဲစခန်း၌ ထိန်းသိမ်း၍ စစ်ကြောရေးပြုလုပ်နေကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄- (က)နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)ဖြင့်အမှုဖွင့်လှစ်ထားကြောင်း မြို့နယ်ရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်များထံကသိရသည်။

“ အခုရဲစခန်းမှာ စစ်ကြောရေးလုပ်နေတယ်။အကြမ်းဖက်ပုဒ်မ ရယ် ၅၀၅-ကရယ်နဲ့အီလက်ထရောနစ်ပုဒ်မတွေနဲ့အမှုဖွင့်ထားတယ်”ဟု မြန်အောင်မြို့နယ်ရဲစခန်းနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်ကဆိုသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးအပတ်ကလည်းကြံခင်းမြို့နယ်မှ အသက်၂၄နှစ် အရွယ်အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ နေအိမ်သို့ဝင်ရောက်ဖမ်းဆီး၍အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) ဖြင့်အမှုဖွင့်ခဲ့ကြောင်းသိရသည်။

#မြန်အောင် #NUG #တော်လှန်‌ရေးအဖွဲ့များ #ထောက်ခံသည်ဟုဆိုကာ #အမျိုးသားတစ်ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times