
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
အာဏာသိမ်းပြီးနောက် စစ်ရှုံးစစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့အတွက် ယွမ် ၅ သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရန် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ဖိတ်ခေါ်၍ တရုတ်အစိုးရက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ရန် သွားခဲ့သော စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၏ ခရီးစဉ်အတွင်း ယင်းသို့ ပေးအပ်ရန် လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်အတွင်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးမစ္စတာ ဝမ်ရှောင်ဟုန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ကာလရှည်ကြာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကို ဖြစ်ပေါ်စေသော ရာဇဝတ်ဂိုဏ်း အုပ်စုများအား နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရေးနဲ့ လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွတိုက်ဖျက်ရေးတို့ကို ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် တရုတ်ယွမ်ငွေ ၅ သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေး စာလွှာတို့ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရသည်။
အလားတူ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးမစ္စတာ ဝမ်ရှောင်ဟုန်၏ ဖိတ်ကြားချက်အရ ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် ပြီးခဲ့သော ဧပြီလကလည်း ၆ ရက်တာ တရုတ်နိုင်ငံသို့ အလုပ်သဘော သွားရောက်ခဲ့ရပြီး ထိုစဉ်က ရဲတပ်ဖွဲ့အတွက် ယွမ်ငွေ ၅ သန်းတန်ဖိုးရှိ အကူအညီများ တရုတ်အစိုးရက ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ကျားဖြန့် (သို့) အွန်လိုင်းငွေလိမ်ဂိုဏ်း ကိစ္စရပ်များကြောင့် တရုတ်အစိုးရက ချီးကျူးဂုဏ်ပြု၍ လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည့် Golden Great Wall Commemorative Medal ကို ပေးအပ်ခဲ့သော်လည်း ယခုနောက်ပိုင်း တရုတ်အကြီးအကဲများ၏ မြန်မာနိုင်ငံခရီးတွင်မူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို တွေ့ရှိရခြင်းမရှိပေ။
အဆိုပါဆုသည် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက နိုင်ငံရပ်ခြားမှ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အရာရှိကြီးများအတွက် ချီးမြှင့်ပေးအပ်သော အမြင့်ဆုံး ဆုတံဆိပ်ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်များကိုပင် ပေးအပ်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တရုတ်အစိုးရက အမြင့်ဆုံး ဆုတံဆိပ်နှင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကို ယွမ်ငွေသန်းချီ အကူအညီများ ပေးအပ်နေမှုသည် ကျားဖြန့်လုပ်ငန်း နှိမ်နင်းနိုင်ရေးအတွက် ဖြစ်နိုင်ကြောင်း စောင့်ကြည့် လေ့လာသူများက သုံးသပ်ကြသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#တရုတ် #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #ယွမ်ငွေ၅သန်းပေးအပ် #ရာဇဝတ်ဂိုဏ်းအုပ်စုများ #နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရေး #ဆွေးနွေး #Ayeyarwaddy_Times