ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

ရခိုင်ပြည်နယ်၊ မောင်တောရှိ လေးမိုင် နယ်ခြားစောင့်စခန်း (နခခ ၂ )ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားသည့် စစ်အရာရှိနှင့် စစ်ကောင်စီတပ် ဖွဲ့ဝင်များစွာ သေဆုံးသည့်အတွက် တပ်တွင်းတွင် ဂယက်ရိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ည ၉ နာရီ၃၀ မိနစ်ခန့်က စစ်ကောင်စီတပ်မှ စစ်အရာရှိနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးထိန်း သိမ်းထားရာ နခခ ၂ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် တပ်တွင်းတွင် အထက်အဆင့်ဆင့် တာဝန်ခံကြရန် ဆူပူဂယက်ရိုက်ခဲ့ကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။

စစ်ကောင်စီက နခခ ၂ အတွင်းသို့ အတိအကျချိန်ရွယ်၍ ဗုံးကြဲခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ် သုံ့ပန်း ၅၀ ကျော်သေဆုံးပြီး ၇၀ နီးပါးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း AA က ရုပ်သံမှတ်တမ်း များနှင့်တကွ ထုတ်ပြန်ထားသည်။

“သူတို့စခန်းဟောင်းနေရာကို AA တွေတပ်စွဲထားတယ်ဆိုပြီး ဗုံးကြဲတာ။ AA က အဲဒီစခန်းဟောင်းထဲ စစ်သားတွေနဲ့ စစ်တပ်သတင်းပေးအကျဉ်းသားတွေ ထည့်ထားတာ။ ကိုယ့်လူတွေပဲထိကုန်တယ်။ စစ်ရုံးချုပ်မှာ ဆဲဆိုပြီး စစ်ဆေးမှုတွေလုပ်နေတယ်။ ဒါကအဆင့်ဆင့် ညွှန်ကြားပြီးမှ ဖြစ်လာတဲ့ကိစ္စပဲ။ စစ်ဆေးရင် ခေါင်ကတော့ စစ်ခေါင်းဆောင်ပဲရှိတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများနှင့် လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ရာတွင် ၎င်းကိုယ်တိုင် စီမံညွှန်ကြားမှုများရှိသလို ဆိုင်ရာ စစ်တိုင်းမှူးများကို အာဏာကုန်လွှဲအပ်ထားကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် မိမိတို့တပ်ဖွဲ့ဝင် အရာရှိအဆင့်မှစ၍ အောက်ခြေတပ်သားအထိ စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ထံ ရောက်ရှိနေသူများကို စုံစမ်းရှာ ဖွေခြင်း၊ ညှိနှိုင်းဆွေးနွေးလဲလှယ်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းမရှိဘဲ ၎င်းတို့အနေဖြင့် စစ်ရေးပစ်မှတ်ဟု ယူဆသည့်နေရာများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းအများစု သေဆုံး ကြကြောင်း သိရသည်။

စစ်ကောင်စီသည် မောင်တောဖြစ်စဉ် မဖြစ်ပွားမီ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာရှိ စစ်သုံ့ပန်းနှင့် အကျဉ်းသား ဆေးကုသရေးစင်တာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၇ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

ထိုသေဆုံးမှုတွင် စစ်ကောင်စီ စစ်သုံ့ပန်းများ ဆေးကုသရာနေရာဖြစ်သည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်‌ အများစုနှင့် စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သူအများစု သေဆုံးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှစ်ခုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါး သေဆုံးခဲ့ရမှု အပေါ် စစ်ကောင်စီက အထက်အဆင့်ဆင့် အရေးယူ ရန် စုံစမ်းစစ်ဆေးနေသည်ဟုလည်း တပ်တွင်း ထွက်ပေါ်နေသည့် သတင်းများအရ သိရသည်။

စစ်ခေါင်းဆောင်က အကြမ်းဖက်နှင့်ပတ်သက်လျှင် အကြမ်းဖက်ဟုပင်သတ် မှတ်ကြောင်း ပြည်သူကို ဗြောင်ကျကျ စိန်ခေါ်ပြီးနောက် လွတ်မြောက်နယ်မြေများကို ဗုံးကြဲမည်ဖြစ်ကြောင်း ပြောဆို ခဲ့သည့်အတိုင်း ယခုစက်တင်ဘာ ပထမပတ်အတွင်းတွင် အစုလိုက် အပြုံလိုက် သေဆုံးမှုများ ငါးနေရာထက်မနည်း ဖြစ်ပေါ်အောင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပုံစာ-လေးမိုင် နယ်ခြားစောင့်စခန်း (နခခ ၂ )ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွေ့ရစဉ်

#စစ်ကောင်စီ #လေကြောင်း #အချင်းချင်း #ပစ်ခတ်မှု #တပ်တွင်း #ဂယက်ရို #Ayeyarwaddy_Times