ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက မြို့အတွင်းရှိနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

အင်းတော်မြို့အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၉ရက်နေ့မှစ၍ မြို့တွင်းရှိ နေအိမ်အချို့ကို မီးစတင်ရှို့နေကြောင်း သိရသည်။

“မြို့ပေါ်ပဲဝင်လို့မရတာ မြို့နယ်ထဲကရွာတွေမှာတော့ တိုက်ပွဲမရှိဘူး။ လန့်ပြီး ရှောင်တဲ့ရွာတွေလည်း ရှိပါတယ်။ ၉ရက်နေ့က စပြီးမီးရှို့တယ်။ ပစ်ကွင်းမရှင်းတဲ့ ဂျပန်လှိုဏ်ဂူနားကအိမ်တွေရယ်၊ ဗျူဟာကုန်းနားက အိမ်တွေလည်းပါတယ်ပြောတယ်။ ပစ်ကွင်းရှင်းဖို့ရှို့တယ်လို့တော့ သိထားတယ်” ဟု အင်းတော် စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက အင်းတော်မြို့တွင်းရှိ ဂျပန်လှိုဏ်ဂူတောင်ကုန်း၊ အင်းတော်ဗျူဟာကုန်းနှင့် မြို့မဘုန်းကြီးကျောင်းတို့တွင်တပ်စွဲနေရာယူထားကြောင်း သိရသည်။

စစ်ကောင်စီတပ်စွဲထားသည့် အင်းတော်မြို့မဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူ ၁၀၀၀ နီးပါးပိတ်မိနေပြီး ပိတ်မိနေသူများကို စစ်ကောင်စီက လူသားဒိုင်းလုပ်၍ မြို့တွင်းရှိအိမ်များကို ဖောက်ထွင်းခိုင်းကာ ရိက္ခာသယ်ခိုင်းလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့က စတင်ပြီး အင်းတော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အင်းတော်မြို့နယ်ရှိ အခိုင်အမာ တပ်စခန်း သုံးခုတွင် စစ်ကောင်စီ၏ တပ်မ ၇၇လက်အောက်ခံတပ်ဖွဲ့များနှင့် ပြည်သူ့စစ်များ နေရာယူတပ်စွဲထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၂ရက်နေ့တွင် နဘားလမ်းဆုံရှိ စစ်ကောင်စီတပ်စခန်းနှင့် အင်းတော်မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၈၀ ခန့်သေဆုံးကြောင်း သိရသည်။

ပုံစာ- စက်တင်ဘာ ၉ရက်​နေ့က စစ်​ကောင်စီတပ်များ အင်း​တော်မြို့ရှိ​နေအိမ်အချို့ကို မီးရှို့ထားစဥ်
#စစ်ကိုင်း #အင်းတော် #စစ်ကောင်စီ #နေအိမ်များ #မီးရှို့ #Ayeyarwaddy_Times