
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် နခခ-၂ လေးမိုင် စခန်းကို စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA က ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားနှင့် အခြားသော အကျဉ်းသားများ သေဆုံးခဲ့ရကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၉ရက်၊ ည ၉ နာရီ ၃၀မိနစ်ခန့်က စစ်ကောင်စီ၏ ဂျက်တိုက် လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း နှင့် အရပ်သားအကျဉ်းသားများထဲမှ ၅၀ ကျော်သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူများရှိကြောင်း AA က ထုတ်ပြန်သည်။
အဆိုပါ လေးမိုင် နခခ-၂တွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့ လေ့ကျင့်ထားသောသတင်းပေးများ၊ ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ALP နှင့် ဆက်စပ်နေသောသူများနှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသူ အချို့အပါအဝင် စုစုပေါင်း အကျဉ်းသား ၅၀ ကျော်သည် အဆိုပါ အကျဉ်းစခန်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူ များစွာတို့သည်လည်း ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း AA ထံက သိရသည်။
ထို့အပြင် ည ၈နာရီ ၂၀မိနစ် နှင့် ၂၃မိနစ်တို့တွင်လည်း မောင်တောမြို့၊ သုံးမိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ UN အဆောက် အအုံတို့ကို လေကြောင်းမှ ဂျက်လေယာဉ် တစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော နခခ-၂ သည် စစ်ကောင်စီ၏ စခန်းဟောင်းဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင် ၆ရက်နေ့ တွင်AA က အပြီးသတ်သိမ်းပိုက်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ယခင်ကထက် ပိုမို၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီသည် လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦးကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများအပါအဝင် ၎င်းတို့စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်း အန္တရာယ်ကို ပိုမိုသတိထားကြရန်နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် AA က သတိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့ကလည်း ပေါက်တောမြို့၊ ရှင်ရွာရှိ စစ်သုံ့ပန်းနှင့် အကျဉ်း သားများဆေးကုသရေးစင်တာကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဆေးကုသမှု ခံယူနေသူများနှင့်ဆေးဝန်ထမ်းများ စုစုပေါင်း ၁၇ဦး သေဆုံးကြောင်း AAက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ- နခခ ၂အတွင်း ဗုံးကျရောက်ပေါက်ကွဲပြီးနောက်မြင်ကွင်း
#မောင်တော #နခခ၂ #စစ်ကောင်စီ #ဗုံးကြဲ #၅၀ခန့်သေဆုံး #Ayeyarwaddy_Times