ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ စစ်ကောင်စီတပ်အသိုင်းအဝိုင်းအများစု နေထိုင်သည့် ဗိုလ်ချုပ်ရွာ ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင်တစ်ဦး၏ နေအိမ်ဓားပြ တိုက်ခံရကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီခန့်က မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာရပ်ကွက်၊ ၁၀၁ ဘီလမ်းနှင့် ၇၁ လမ်းရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ကို မျက်နှာဖုံးစွပ်ထားပြီး တုတ်၊ဓား လက်နက်များကိုင်ဆောင်ထားသည့် လူ ခုနစ်ဦး ရောက်ရှိလာကာ ရွှေထည်များကို လုယက်ယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

“ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ကို ဓားပြတိုက်သွားတာ။ ရွှေ ဆယ်ပိဿာလောက်ပါသွားတယ်။ အတိအကျမသိရသေးဘူး “ဟု လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မန္တလေးတွင် ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှစတင်ကာ ပုသိမ်ကြီးမြို့နယ်မှလွဲ၍ မြို့နယ် ခြောက်မြို့နယ်ကို မြို့တော်သန့်ရှင်းသာယာလှပရေးစီမံချက်အနေဖြင့် လမ်းဘေးဈေးသည်များဖယ်ရှားပြီး လုံခြုံရေး ပိုမိုတင်း​ကျပ်စစ်ဆေးနေကြောင်း ဒေသခံများထံက သိရသည်။

“စည်ပင်ကဦးဆောင်ပြီး စီမံချက်နဲ့ ရှင်းလင်းရေးတွေ လုပ်နေတာ။ လမ်းဘေးဈေးသည်နဲ့ မီးပွိုင့်ကဈေးသည်၊ ပန်းသည်တွေလည်းအကုန်ရှင်း။ လမ်းမှာလည်း လုံခြုံရေးတွေရှိတယ်”ဟု မြို့သစ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မန္တလေးမြို့တွင် ယင်းသို့ လုံခြုံရေးတင်းကျပ်နေသည့်ကြားမှ ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ရွှေ ၁၀ပိဿာ ၊ ငွေကြေးတန်ဖိုး ကျပ်သိန်း ငါးသောင်းခန့်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်။

အဆိုပါ ချောင်ချောင်ရွှေဆိုင်သည် ယခုတစ်ကြိမ်နှင့်ဆို ဒုတိယအကြိမ်ဓားပြတိုက်ခံရခြင်းဖြစ်ပြီး မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်အမြောက်အများမှာ ဓားပြတိုက်လုယက်မှုများ မကြာခဏကြုံတွေ့နေရပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ဝင်များကိုယ်တိုင် ရွှေဆိုင် ဓားပြတိုက်ယူမှုများ ရှိခဲ့သည်။

#မန္တလေး #ချမ်းမြသာစည် #ဗိုလ်ချုပ်ရွာ #ချောင်ချောင်ရွှေဆိုင် #ဓားပြတိုက်ခံရ #Ayeyarwaddy_Times