ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ဂန့်ဂေါ်တောင်ဆည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိရာ ရှေ့တန်းစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်၍ လက်လွတ်ထွက်ပြေးခြင်းများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်နေ့မှစ၍ ယခုရက်ပိုင်းအတွင်း ကျိန္တလီမြို့ ကုလားပြင်(ရတနာမြိုင်) ကျေးရွာစစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး၊ ဂွမြို့၊ မင်းတောင်ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးတို့သည် လက်နက်များစွန့်၍ ထွက်ပြေးကြကြောင်း သိရသည်။

အဆိုပါထွက်ပြေးသူများကို စစ်ကောင်စီက လိုက်လံပစ်ခတ်ဖမ်းဆီးပြီး ဖမ်းမိလာသူများကိုလည်း ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်သလို ရိုက်နှက်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပြန်လည်စေလွှတ် ကြောင်း သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်မှစတင်၍ ဂွမြို့နယ်အတွင်းရှိစစ်စခန်းများသို့ ဧရာဝတီတိုင်းနှင့် အခြားမြို့နယ်များမှ စစ်မှုထမ်းဥပဒေဖြင့် သင်တန်းဆင်းပေးလိုက်သည့် သင်တန်းသားသစ်များကို စစ်ကူပို့ အင်အားဖြည့်တင်းထားကြောင်း သိရသည်။

“‌ဂန့်ဂေါ်တောင်မှာတိုက်ပွဲကပြင်းထန်တယ်။ စစ်သားအသစ်တွေထွက်ပြေးကြတယ်။ စစ်သင်တန်းဆင်း တွေနဲ့ ပေါ်တာပါတဲ့ကလေးတွေပြေးကြတယ်။ စစ်တပ်က ထုနှက်ပြန်ဖမ်းပြီး ပစ်သတ်တာလည်း ရှိတယ်။ တိုက်ပွဲထဲပြန်ပို့တာလည်းရှိတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီနှင့် AAတို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်နေ့ညပိုင်းမှစ၍ ဂန့်ဂေါ်တောင်ဆည်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်လျက်ရှိကာ ဂွရှိ ခမရ ၅၆၃ တပ်ရင်းမှ မြေပြင်စစ်ကူပို့ဆောင်၍ ရေကြောင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ ၄ရက်နေ့တွင်ပင် ကျိန္တလီမြို့အနီးရှိ ဆားချက်နှင့် ကိုင်းခုံရွာအနီးတွင် နံနက် ၉နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်။

AA နှင့် စစ်ကောင်စီတို့သည် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့ကတည်းက ဂွမြို့နယ်၊ ချင်းကွင်းနှင့် ကျိန္တလီတို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး AA က ကျိန္တလီမြို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ကျိန္တလီမှ ဂွသွား လမ်းတစ်လျှောက်ရှိ ဆပ်သွားကျေးရွာ၊ ကုလားပြင်၊ ကမ်းသာယာရှိ လက်ကျန်တပ်များနှင့် ပြန်လည်ခုခံတိုက်ခိုက်နေပြီး ဂွမြို့တပ်ရင်းများမှနေ၍လည်း လက်နက်ကြီးများ ဖြင့် ပစ်ကူလျက်ရှိသည်။

စစ်ကောင်စီသည် ဂွမြို့ပင်လယ်ပြင်မှနေ၍ အရပ်သားစက်လှေများကိုအသုံးပြုကာ တပ်အင်အားဖြည့် တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ပို့ဆောင်သယ်ယူခြင်းများ လုပ်ဆောင်နိုင်သည့်အတွက် ဂွပင်လယ်ပြင် အတွင်း စက်လှေများသွားလာခြင်းမပြုရန် AAက ဩဂုတ် ၁ရက်နေ့ကတည်းက ပိတ်ပင်ထားသည်။

စစ်ကောင်စီက ဂွ-ငါးသိုင်းချောင်းရိုးမလမ်းတွင်လည်း လက်နက်ကြီးများတပ်ဆင်ကာ ခုခံစစ်ပြင် ထားပြီး ဧရာဝတီတိုင်းမှ စစ်ကူများနှင့် စစ်လက်နက်များကိုပါ ဂွမြို့နယ်အတွင်း စစ်ကူအင်အား ဖြည့်တင်းထားကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီတပ်များ ဧရာဝတီတိုင်းမ်အတွင်း စစ်ရေးပြလေ့ကျင့်နေစဥ်

#ဂွ #ကျိန္တလီ #စစ်ကောင်စီ #တပ်ဖွဲ့ဝင်များထွက်ပြေး #Ayeyarwaddy_Times