
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ၂၆ ရပ်ကွက်တွင် အသက် ၃၅ နှစ်နှင့်အထက် စစ်မှုထမ်းစာရင်း ကောက်ယူရန် ရပ်ကွက်ရုံး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ အစည်းအဝေးပြုလုပ်နေစဉ် ဗုံးခွဲတိုက်ခိုက်ခံရ ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ် ဝန်းကျင်ခန့်တွင် ၂၆ ရပ်ကွက်ရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ဗုံးခွဲတိုက် ခိုက်မှုပြုလုပ်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ ဗိုလ်ကောက်ရိုးအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ ၂၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲသူရနှင့် အပါအဝင် စစ်ကောင်စီတပ်သား အချို့နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ရွေးကောက်ပွဲ နှင့် အသက် ၃၅ နှစ်နှင့်အထက်စစ်မှုထမ်းရမည့် အမျိုးသားများကာကွယ်ရေးအဖွဲ့စာရင်းကောက် ယူရန် စည်းဝေးနေချိန် ဖောက်ခွဲခံရသဖြင့် ထိခိုက်မှုများ ရှိကြောင်း သိရသည်။
“ည ၁၁ ကျော်လောက်က အုန်းခနဲဆိုပြီး အသံကျယ်ကြီးကြားလိုက်တာ။ အရင်က ရပ်ကွက်ထဲ ဘာဖြစ်ဖြစ် သတင်းကပြန့်တာမြန်တယ်။ အခုက သတင်းဖုံးထားလို့လားမသိဘူး ဘာသံမှမကြားဘူး။ ဘယ်သူဘာဖြစ်တယ်ဆိုတာ မသိရဘူး။ မနက်ကရပ်ကွက်ရုံးကိုသွား ကြည့်လိုက်သေးတယ် ဘာမှမတွေ့ဘူး။ စစ်ကားတွေ ဘာတွေလည်းမရှိဘူး” ဟု ၂၆ ရပ်ကွက်ရုံးအနီးနေသူ အမျိုးသမီးတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲသူရဆိုသူသည် တာဝန်မှအနားယူထားသူဖြစ်ပြီး နောက်အုပ်ချုပ်ရေး မှူးဖြစ်လာမယ့် ကြံ့ခိုင်ရေးပါတီဝင်ဆိုသူမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပေးပို့သည့် ခြိမ်းခြောက်စာရရှိထားသည့်အတွက် ရပ်ကွက်ရုံးသို့ မလာရဲဘဲ ချော်လဲသည်ဟု အကြောင်းပြကာ နေအိမ်တွင် အနားယူနေကြောင်း သိရသည်။
“ရဲသူရ တာဝန်က ချိန်းပြီးပြီ။ နောက်အုပ်ကြီးက ကြံ့ခိုင်ရေးပါတီဝင်။ ရွာမရပ်ကွက်ထဲက။ ခြိမ်းခြောက်စာကို ဖုန်းမက်ဆေ့နဲ့ ပို့ခံရဖူးတယ်။ ခုသူက ရုံးကိုမလာသေးဘဲ ချော်လဲလို့ဆိုပြီး အိမ်မှာနားနေတာ။ အခုလိုဗုံးခွဲခံရရင် ဖင်တုန်အောင်ကြောက်ဦးမှာ။ အရင်ကဆို ရပ်ကွက်ရုံးထဲက ဘီယာတို့ အရက်တို့လှမ်းမှာတာတွေ့ဖူးတယ်။ ဒီမနက်တော့ မောနင်းတစ်ပတ်တောင်မလာတော့ဘူး။ ထိသွားတယ်ထင်တယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တော်လှန်ရေးတပ်ဖွဲ့မှ အုပ်ချုပ်ရေးမှူးရဲသူရကို မကြာခင်ဖြုတ်ချကာ အသစ်ခန့်အပ်မည်ဟု သတင်းရရှိထားကြောင်းနှင့် အသစ်လုပ်ဆောင်မည့် အုပ်ချုပ်ရေးမှူးကိုလည်း ထပ်မံတိုက်ခိုက် သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force လက်ရွေးစင်အထူးစစ်ကြောင်း (Civilian Military – SRDF) နှင့် ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ရန်ကုန် #တောင်ဒဂုံ #၂၆ရပ်ကွက် #အုပ်ချုပ်ရေးရုံး #ဗုံးခွဲတိုက်ခိုက်ခံရ #ရွှေဘိုခရိုင် #တပ်ရင်း၁၅ #Ayeyarwaddy_Times