ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

စစ်ကောင်စီက နိုင်ငံခြားငွေကို ထိန်းချုပ်ထားကာ မူဝါဒအမျိုးမျိုးပြောင်းလဲလျက်ရှိပြီး ယခုအခါတွင် ပို့ကုန်ရငွေဖြင့် ဆေးဝါးနှင့် Oil လိုင်စင်အသစ်လျှောက်ထားရမည်ဖြစ်၍ ပို့ကုန်ရငွေ (Export Earnings) ဈေးကွက် အရောင်း၊ အဝယ်ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ဆေးဝါးနှင့် Oil ကို ယခု စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ သွင်းကုန် လိုင်စင်များကို ခွင့်ပြုမည်ဖြစ်ပြီး ဩဂုတ်လအထိ လျှောက်ထားသော သွင်းကုန် လိုင်စင်လျှောက်လွှာများကိုလည်း ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပို့ကုန်ကုမ္ပဏီများမှရရှိထားသော ပို့ကုန်ရငွေကို သွင်းကုန်ကုမ္ပဏီ ( ဆေးဝါးနှင့် Oil) က ဝယ်ယူပြီး ယင်းငွေဖြင့် သွင်းကုန်လိုင်စင်လျှောက်ရမည်ဖြစ်ကြောင်း Export/ Import ကိုယ်စားလှယ်များထံက သိရသည်။

“ပို့ကုန်ရငွေ ဒေါ်လာ ၁၀၀ ရတယ်ထား။ ၂၅ ဒေါ်လာကို စစ်ကောင်စီ ဗဟိုဘဏ် ပေါက်ဈေးနဲ့လဲ လိုက်တယ်။ ကျန်တဲ့ဒေါ်လာကို ပြန်ရောင်းမယ်ဆိုရင် သူတို့က ဒေါ်လာအပြင်ပေါက်ဈေးထက်တော့ ဈေးများနိုင်တယ်။ ခုနက ၂၅ ဒေါ်လာပေးရလိုက်တဲ့အတွက် ဒေါ်လာအပြင်ဈေးပေါက်နဲ့ ဟနိုင်တယ်။ အပြင်ပေါက်ဈေးထက် export earnings ဈေးမြင့်နိုင်တယ်” ဟု Export/ Import ကိုယ်စားလှယ် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါပို့ကုန်ရငွေ ( export earnings) ကို ကုမ္ပဏီဘဏ်အကောင့်အချင်းချင်းလွဲပေးခြင်းဖြစ်ကာ ယင်းလွှဲ ပြောင်းစာဖြင့် လိုင်စင်ရရှိရန် အဆင့်ဆင့်တင်ရမည်ဖြစ်သည်။

ပြင်ပပို့ကုန်တင်ပို့သည့်ကုမ္ပဏီများက ပစ္စည်းတင်ပို့တွင်ရရှိသော ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ငွေလဲနှုန်း (တစ်ဒါ်လာ ၂၁၀၀ကျပ်) ဖြင့်ပေးရမည်ဖြစ်ပြီး ကျန်ငွေ ၇၅ ရာခိုင်နှုန်းအရောင်း၊ အဝယ်ပြလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆေးဝါးကုမ္ပဏီ ၁၁၆ ခုက လျှောက်ထားသည့် ဆေးဝါးသွင်းကုန် လိုင်စင် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း စိစစ်ပယ်ဖျက်လိုက်ပြီး စနစ်သစ်ဖြင့်သာ သွင်းကုန်လိုင်စင် လျှောက် ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ထားသည်။

ယခင်စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေလက်ထပ်တွင် Export earnings စနစ်ဖြင့် သွင်းကုန်သွင်းရခြင်းဖြစ်သော်လည်း စားအုန်းဆီ၊ စက်သုံးဆီများကို ၎င်းတို့ကိုယ်တိုင်သွင်းခြင်းဖြစ်ပြီး ယခုအခါစီးပွားရေးလုပ်ငန်းရှင်များ ကိုယ်တိုင်သွင်းရသဖြင့်ကုန်ဈေးနှုန်းကြီးမြင့်မှုများရှိနိုင်ကြောင်း ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#expot #earningsငွေ #ဆေးဝါး #Oil #သွင်းရမည် #စစ်ကောင်စီပြောင်းလဲ #ယခင်လိုင်စင်များပယ်ဖျက် #Ayeyarwaddy_Times