
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ဧရာ၀တီတိုင်း ၊ မအူပင်မြို့တွင် စက်တင်ဘာလ ပထမပတ်အတွင်းတွင် စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး ချောင်းရိုက်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
မအူပင်မြို့ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ညအချိန် အပြင်ထွက်စဥ် ချောင်းရိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“အုပ်ကြီးနှစ်ယောက်တစ်ရက်ခြားစီ ချောင်းပြီးအရိုက်ခံရတာ၊ ၁၂ အုပ်ကြီးကတော့ ခုထိဆေးရုံကမဆင်းရသေးဘူး။ လူတွေကငတ်နေတာကို ဒီအုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံတောင်းလိုက် စစ်တပ်အတွက် လူရှာလိုက်လုပ်နေလို့ ချောင်းရိုက်သွားတာနေမယ်”ဟု ဒေသခံ တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး နှစ်ဦးသည် စစ်ကောင်စီကထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အဓမ္မစစ်သားစုဆောင်းခြင်း၊ ငွေကြေးမတရားတောင်းယူခြင်းများကို ပြုလုပ်နေသူများဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။
အုပ်ချုပ်ရေးမှူး နှစ်ဦး ချောင်းရိုက်ခံရခြင်းနှင့် ပတ်သတ်၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက စစ်မှုထမ်းအစည်းအဝေး တက်ရောက်သူများနှင့် လူငယ်အချို့ကို စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက် ငွေကြေးမတရားတောင်းယူကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အုပ်ချုပ်ရေးမှူးနှစ်ဦးကို ချောင်းရိုက်ခဲ့သည့် တရားခံများကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မတရားဖမ်းဆီးမှုများပြုလုပ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က စစ်ကောင်စီအတွက်အဓမ္မ စစ်သားစုဆောင်းခြင်း၊ ဒေသခံများထံမှ ငွေကြေးမတရားတောင်းယူခြင်းများ ပြုလုပ်နေသည့် ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်တိုက်နယ်၊ အောက်တံခွန်တိုင် ကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဆိုသူမှာလည်း ဓားခုတ်ခံရပြီး သေဆုံးခဲ့သည်။
#မအူပင်မြို့ #တစ်ပတ်အတွင်း #ရပ်ကွက်အုပ်ချုပ်ရေးမှူး #၂ဦးချောင်းရိုက်ခံရ #Ayeyarwaddy_Times