ဆောင်း/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

တနင်္သာတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ခန္တီကျေးရွာအနီးရှိ ပင်လယ်ပြင်အတွင်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၅) သင်တန်းတက်ရောက်ရန်အတွက် သင်တန်းသားသစ်များ လိုက်ပါ လာသည့် စက်လှေတစ်စီး ပျောက်ဆုံးသွားကြောင်း ခန္တီကျေးရွာအနီးရှိ ဒေသခံများထံက သိရသည်။

စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ထွက်ခွာလာသည့် စက်လှေငါးစီးအနက် စက်လှေတစ်စီး ပျောက်ဆုံး သွားခြင်းဖြစ်ပြီး အဆိုပါစက်လှေတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းသားသစ် ၃၀ ဦးနှင့် လုံခြုံရေးတာဝန်ယူသူ စစ်ကောင်စီတပ်သား နှစ် ဦးပါရှိကာ ယမန်နေ့ စက်တင်ဘာ ၉ရက် နံနက်ပိုင်းက ခန္တီကျေးရွာအနီးရှိ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အခုရက်က ရာသီဥတုကလည်းမကောင်းဘူး၊ ဘယ်လိုပျောက်သွားမှန်းကို မသိတာ။ PDF တွေကြောင့် ပျောက်ဆုံးသွား သလားဆိုတာကိုလည်း တိတိကျကျမပြောနိုင်သေးဘူး။ အခုချိန်ထိ စက်လှေနဲ့ လှေသမားအပြင် သင်တန်းသားတွေကိုပါ ရှာလို့မတွေ့သေးဘူး။ တာ၀န်ရှိသူတွေနဲ့ ဆက်လက်ပြီး ရှာဖွေနေကြတယ်” ဟု စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပျောက်ဆုံးနေသည့် စက်လှေပေါ်၌ ပလောက်မြို့ရှိ အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်း(တတက-၁၂) တွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၅) တက်‌‌ရောက်ရန်လာကြသည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းသားသစ်များပါဝင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၅) အတွက် တတက-၁၂ သို့ သင်တန်းသား ၂၅၄ ဦး ပို့ဆောင်ရ မည်ဖြစ်သော်လည်း စက်လှေတစ်စီးပျောက်ဆုံးသွားသည့်အတွက် သင်တန်းသား ၂၂၀ ကျော်သာ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးစက်လှေပေါ်တွင် ပါဝင်သူ ၃၂ဦ အနက် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ကြပ်ကြီး နှစ်ဦးတွင် သေနတ်နှစ်လက်၊ ကျည်အိမ်၊ 5.56 မမကျည်နှင့် ၄၀-မမ ဗုံးသီးများပါဝင်သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

လက်ရှိတွင်လည်း ပျောက်ဆုံးစက်လှေအား ပြန်လည်တွေ့ရှိရေးအတွက် ပလောက်တပ်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်အသုံးပြုကာ ဥယျာဉ်ကမ်း၊ လိပ်သောင်၊ ပြင်ဘုကြီး ကျေးရွာအနီးရှိ ပင်လယ်ပြင်တစ်ဝိုက်ရှိ ပင်လယ်ပြင်အတွင်း ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း သိရသည်။

ထို့ပြင် လယ်ဖက်ကျေးရွာအနီး အဆိုပါ စက်လှေကပ်သည်ဟု ထပ်မံသတင်းကြားသိရ၍ ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ စက်လှေပျောက်ဆုံးမှုကြောင့် ပလောက်မြို့၊ ခန္တီကျေးရွာအနီးသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာ၍ ဒေသခံများအိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခန္တီကျေးရွာရှိ ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်းများအားလုံးရှေ့တန်းပို့ဆောင်ခံရ၍ ပြည်သူ့စစ်မှုထမ်းတစ်ဦး ပင်လယ်ပြင်အတွင်းခုန်ချကာ မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သည်။

ပုံစာ- အမှတ်စဥ် ၅ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်မည့် သင်တန်းသားများ
#ပြည်သူ့စစ်မှုထမ်း #အမှတ်စဥ်၅ #တက်‌‌ရောက် #စက်လှေတစ်စီး #ပလောက်မြို့အနီး #ပင်လယ်ပြင် #ပျောက်ဆုံး #Ayeyarwaddy_Times