
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
မြန်မာနိုင်ငံမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံရကာ ဓာတ်လိုက်နည်းနဲ့ နှိပ်စက်ခံရပြီး လစာမရဘဲ အဓမ္မ ခိုင်းစေခံနေရတဲ့ သူ့နိုင်ငံသားတွေ အကူအညီတောင်းခံတဲ့ ရုပ်သံဖိုင်တွေ အွန်လိုင်းမှာ ပျံ့နှံ့လာပြီး နောက် ၎င်းတို့ကိုကယ်တင်ဖို့ ကြိုးစားနေတယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခနဲ့ လက်နက်ကိုင်အဖွဲ့တွေရှိတယ်လို့ထင်ရှားတဲ့ မြန်မာ-ထိုင်းနယ်စပ်အနီး ဝေးလံခေါင်ဖျားဒေသတစ်ခုဖြစ်တဲ့ ဖလူးဒေသမှ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ကယ်တင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဂျကာတာမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“မြန်မာနိုင်ငံရှိ အင်ဒိုနီးရှားသံရုံးဟာ မြဝတီမြို့က ကွန်ရက်တွေနဲ့ အလွတ်သဘော ဆက်သွယ်မှု တွေ ပြုလုပ်နေပါတယ်” လို့ ပြည်ပရောက် အင်ဒိုနီးရှားနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးဌာန၊ ညွှန်ကြားရေးမှူး ဂျူဒါနူဂရာဟာက ပြောပါတယ်။
ကနဉီးသတင်းတွေအရ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ဉီးထက်မနည်း ဖလူးဒေသမှာ ပိတ်မိနေတယ် လို့ သူက ဆိုပါတယ်။
ရုပ်သံဖိုင်တစ်ခုထဲမှာ အင်ဒိုနီးရှားနိုင်ငံသားတွေကို မြင်တွေ့ရပြီး တစ်ဉီးက ၎င်းတို့ကို ထိုင်းနိုင်ငံ မှာ လစာကောင်းတဲ့အလုပ် လုပ်ကိုင်ရမယ်လို့ ဖျားယောင်းခဲ့ပေမယ့် ကျားဖြန့်လုပ်ငန်းမှာ အဓမ္မ ခိုင်းစေ ခံနေရတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရပြီး လစာလဲမပေးသလို တစ်ရက် မှာ ၁၅ နာရီ အလုပ်လုပ်ရပါတယ်။ သတ်မှတ်ချက်မပြည့်မီရင် ကျွန်တော်တို့ ရိုက်နှက်ခံရသလို ဓာတ် လိုက်ခံရပါတယ်” လို့ ရုပ်သံဖိုင်ထဲမှာ အမျိုးသားတစ်ဉီးက ပြောပါတယ်။
အာဆီယံဒေသမှာ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပြီး အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံရှိ ဆိုက်ဘာရာဇဝတ်ဂိုဏ်း တွေမှာ အဓမ္မ ခိုင်းစေခံနေရတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံသား ၃၇၀၀ ဉီးကျော် ကျားဖြန့်ဓားစာခံတွေ ဖြစ်ခဲ့ရ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံသား ၁၀၇ ဉီး မြန်မာနိုင်ငံမှာ ပိတ်မိနေပြီး ၄၄ ဉီးကို ကယ်တင်ခဲ့ ကာ ၆၃ ဉီးက အကူအညီ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
ကိုးကား – Benar News
Ref; Indonesia seeks to free citizens trapped, held captive by Myanmar scam rings
#Ayeyarwaddy_Times