ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက မောင်တောမြို့ပေါ်သို့ ဗုံးကြဲချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် မောင်တောမြို့၊ (၃) မိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ ကုလသမဂ္ဂ(UN)ရုံး အဆောက် အအုံတို့ကို ယမန်နေ့ စက်တင်ဘာ ၉ရက်နေ့ ည ၈နာရီ ၂၀မိနစ် နှင့် ၂၃မိနစ်တို့တွင် လေကြောင်းမှနေ၍ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

UN ရုံးပေါ်သို့ပစ်ခတ်တိုက်ခိုက်မှုကို လေးမိုင်စခန်းရှိ နခခ-၂ အားပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု AAက‌ ဆိုသည်။

AA သည် မောင်တောမြို့ရှိ ပိတ်မိနေသူများနှင့် UN၊ UNICEF ရုံးများတွင် ပိတ်မိနေသူများကို ပြီးခဲ့သည့် ဩဂုတ်လ ၇ရက်မှစ၍ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

“UN ရုံးထဲမှာ လူရှိ၊ မရှိ မသိရတော့ ထိခိုက်ဒဏ်ရာရသူရှိလား မသိနိုင်ဘူး။ ဩဂုတ်လ ပထမပတ် ကတည်းကစပြီးတော့ ရုံးဌာနတွေကတော့ အကုန်ရွှေ့သွားကြပါပြီ။ ဩဂုတ် ၇ရက်နေ့ကအထိ UNICEF ရုံးထဲမှာ လူ၂၀လောက်ပိတ်မိနေတာလည်း ကယ်ထုတ်ပြီးခဲ့ပြီကြားတယ်။ နခခ ၅ မြို့သူကြီးကတော့ တိုက်နေတုန်းပဲ။ စစ်တပ်က ရိက္ခာ၊ လက်နက်၊ခဲယမ်းတောက်လျှောက်ပို့နေတယ် ” ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မောင်တောရှိ ကုလသမဂ္ဂဆိုင်ရာရုံးများသည် စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲသည့် အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ ခေါင်မိုးပေါ်တွင် ဆေးပြာသုတ် ၍ ၎င်းတို့ ရုံးအမှတ်အသားများကိုရေးသားခဲ့သည်။

မောင်တောရှိ ဌာနဆိုင်ရာရုံးများ၊ NGO၊ INGOများသည် စစ်ရေးပြင်းထန်လာ၍ မြို့ကိုစွန့်ခွာကာ စစ်တွေနှင့် ရန်ကုန်၊ နေပြည်တော်သို့ ပြောင်းရွှေ့သွားကြကြောင်း သိရသည်။

စစ်ကောင်စီက လက်ရှိအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမိုကာ ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီသည် လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦးကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများအပါအဝင် ၎င်းတို့စွန့်လွှတ်ခဲ့ရသော တပ်စခန်းများပါမကျန် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်း အန္တရာယ်ကို ပိုမိုသတိထားကြရန်နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် AA က သတိ ပေးထားသည်။

#မောင်တော #UNရုံး #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times