ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်အပါဝင် တရုတ် – မြန်မာနယ်စပ်ဒေသ များတွင်ဖြစ်ပေါ်နေသော လေပွေလှိုင်းများကြောင့် မိုးအဆက်အပြတ်ရာသွန်းသဖြင့် ရှမ်းပြည်နယ်ရှိ တောင်ပေါ်မြို့များတွင် ယ‌နေ့စက်တင်ဘာ ၁၀ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ ကလော၊ ညောင်ရွှေ၊အောင်ပန်း၊ ပင်လောင်း မြို့များအပါအဝင် တာချီလိတ်၊ ကျိုင်းတုံမြို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်းသိရသည်။

ကလောမြို့သည် တောင်တန်း၊ တောင်ကုန်းများ ချိုင့်ဝှမ်းတွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၃၁၅ ပေတွင်ရှိသော်လည်း တောင်ကျချောင်းရေများကြောင့် ကလောမြို့အတွင်း‌ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၂၈၅ ပေတွင်ရှိသော တာချီလိတ်မြို့တွင်လည်း ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်းနှင့် မယ်ဆိုင်ချောင်းရေကြီး ရေလျှံမှုဖြစ်ပေါ်လာကြောင်းသိရသည်။

ထို့ပြင် ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၆ ပေကျော်လွန် ရောက်ရှိနေပြီး မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) ချဉ်းကပ်လမ်း အဝင်ရေကျော်ခြင်းကြောင့် မြို့ပေါ်ရှိ ရပ်ကွက်ရှစ်ခုလုံးတွင်ရှိသော လူဦးရေ သုံးထောင်ကျော်မှာ ရေဘေး ကြုံတွေ့နေရသဖြင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်းသိရသည်။

ယင်းပြင် ရှမ်းပြည်နယ်( အရှေ့ပိုင်း) ကျိုင်းတုံမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၇၁၀ ပေ အထက်တွင်တည်ရှိပြီး စက်တင်ဘာ ၉ ရက်နေ့ကစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လပ်ချောင်းရေမြင့်တက်လာသဖြင့် မြို့အတွင်းရှိ အမှတ် (၃) ရပ်ကွက်၊ လွယ်မွေလမ်း ဟိုခိုရွာလမ်းနှင့် မြို့တော်ခန်းမရှေ့ လေယာဉ်ကွင်းလမ်း နှင့်အခြားရပ်ကွက်များတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

တရုတ် – မြန်မာနယ်စပ်တွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော် နေ၍ မြန်မာတစ်ပြည်လုံးတွင်မိုးပိုလာမည်ဖြစ်ပြီး လာမည့်နှစ်ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် မိုးပိုနေမည်ကြောင်း စစ်ကောင်စီ၏မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မိုးအဆက်မပြတ်ရွာသွန်း #တောင်ပေါ် #မြို့များရေကြီးရေလျှံ #Ayeyarwaddy_Times