ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ Non-CDM ကျောင်းဆရာ၊ ဆရာမများကို သန်းခေါင်စာရင်း ကောက်ယူရန် သင်တန်းပေးနေကြောင်း ပညာရေးအသိုင်းအဝန်းထံက သိရသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ များအား တစ်သုတ်လျှင်လူဦးရေ ၃၀ဦးနှုန်းဖြင့် အသုတ်လိုက်ခွဲကာ လူဝင်မှုကြီးကြပ်ရေးရုံးတွင် စက်တင်ဘာလ ဒုတိယအပတ်မှစ၍ သန်းခေါင်စာရင်းကောက်ယူရန်အတွက် ရက်တိုသင်တန်းပေးနေကြောင်း သင်တန်းစေလွှတ်ခံရသူများကပြောဆိုသည်။

“ပုသိမ်မြို့ပေါ်နဲ့ မြို့အနီးကရွာတွေက ဆရာ၊ဆရာမတွေမှန်သမျှ အကုန်မြို့နယ်ပညာရေးမှူးရုံးကိုစာရင်းပေးရတယ်။ သန်းခေါင်စာရင်းကောက်ဖို့လုပ်အားပေးသင်တန်းအတွက်ဆိုပြီး အတင်းစာရင်းကောက်တာ။ လောလောဆယ် ပထမအသုတ်ဆိုပြီးတော့ အယောက်၃၀ ကို မြို့နယ်လဝကရုံးမှာခေါ်တွေ့ပြီးတော့ရက်တိုသင်တန်းပေးနေတယ်။ သုံးကြိမ်ခေါ်မယ်လို့သိထားတယ်”ဟု ပုသိမ်မြို့ခံ မူလတန်းပြကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

Non CDM ဆရာ၊ ဆရာမများကို သင်တန်းတက်ရောက်ရန်အတွက် ခေါ်ယူရာတွင် ချောင်းသာ၊ငွေဆောင်နှင့်ရွှေသောင်ယံစသည့် မြို့နယ်ခွဲများမှ ဆရာ၊ဆရာမ များအားခေါ်ယူရန်မရှိပဲ မြို့အတွင်းနှင့် မြို့အနီးကျေးရွာများမှစာသင်ကျောင်းများကို တိုင်းစစ်ကောင်စီမှဖိအားပေးစေခိုင်းနေခြင်းဖြစ်ကြောင်း တိုင်းစစ်ကောင်စီနှင့်နီးစပ်သည့်သတင်းရင်းမြစ်ထံကသိရသည်။

“ဝန်ကြီးချုပ်ကိုယ်တိုင်ဖိအားပေးပြီးတော့ တိုင်းပညာရေးမှူးရယ်ခရိုင်ရယ်မြို့နယ်ရယ်ကိုအစည်းအဝေးခေါ်ဖိအားပေးနေတာ။ ပုသိမ်ကတိုင်းမြို့တော်ဆိုတော့ မြန်မြန်လုပ်စေချင်တာလည်းပါတယ်။ အထက်ကိုဖားချင်တဲ့သဘောပေါ့။ သန်းခေါင်စာရင်းနောက်လဘယ်ချိန်ကောရမယ်မသိရသေးဘူး”ဟု တိုင်းစစ်ကောင်စီနှင့်နီးစပ်သည့် သတင်းရင်းမြစ်ကဆိုသည်။

လာမည့်အောက်တိုဘာလအတွင်း တနိုင်ငံလုံးရှိ စစ်ကောင်စီထိန်းချုပ်သောဒေသများ၌ သန်းခေါင်စာရင်းကောက်ယူရန် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၎င်းထိန်းချုပ်ထားသောသတင်းမီဒီယာများမှတဆင့် အသိပေးပြောကြားခဲ့သည့်အပြင် တစ်နိုင်ငံလုံး စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ကြရန် သတိပေးဆိုထားသည်။

#သန်းခေါင်စာရင်း #ပုသိမ် #Non-CDM #ပညာရေးဝန်ထမ်း #သင်တန်းပေးနေ #Ayeyarwaddy_Times