
“ငြိမ်းချမ်းမှုနဲ့ မတရားမှုက ဒွန်တွဲမနေသင့်ပါဘူး။ ငြိမ်းချမ်းခြင်းကိုရဖို့ မတရားမှု တွေကို ကျွန်တော်တို့က အမြစ်ပြတ် တိုက်ထုတ်ဖို့လိုပါတယ်။ ကျွန်တော်တို့ မလိုချင်ဆုံး စစ်ပွဲတွေကိုမှ ဖန်တီးခဲ့ရပါတယ်။ အာဏာရှင်တွေရဲ့ ပြည်သူတွေအပေါ် မတရားမှုနဲ့ဖိနှိပ်မှုတွေ အမြစ်ပြတ်စေဖို့ ရည်ရွယ်ပြီး တိုက်ပွဲ ဝင်ခဲ့ခြင်းဖြစ်ပါတယ်” (ရဲဘော်သဲသဲ)
နိုင်း/ဧရာဝတီတိုင်မ်း
စက်တင်ဘာ ၁၀ ရက်
မြန်မာနိုင်ငံဒေသအသီးသီးမှာ စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကို လက်မခံဘဲ တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ အမျိုးသားတိုက်ခိုက်ရေးရဲဘော်တွေနည်းတူ လက်နက်ကိုင်ကာ စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတိုက်ခိုက်ရေးရဲဘော် အများအပြားရှိပါတယ်။
စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတိုက်ခိုက်ရေးရဲဘော်များစွာအနက် ရဲဘော်သဲသဲဟာ လက်ရှိမှာ စစ်ရေးပြင်းထန်နေပြီး စခန်းသိမ်းတိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲမှာ တိုက်ခိုက်ရေးရဲဘော် အဖြစ် တာဝန်ထမ်းဆာင်နေသူဖြစ်ပါတယ်။
ရဲဘော်သဲသဲ ခေါ် မေသဲဟာ အနုပညာကိုဝါသနာပါသူ တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်က သီချင်းဆိုပြိုင်ပွဲတွေ၊ သရုပ်ဆောင် ပြိုင်ပွဲတွေမှာလည်းဝင် ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့သိရပါတယ်။
ရဲဘော်သဲသဲဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားချစ်ခင်သူ ဖြစ်တယ်လို့လည်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်ခြင်းတာတွေ ကြုံတွေခဲ့ရတာကြောင့် လက်နက် ကိုင် တော်လှန်ရေးထဲ ပါဝင်လာခဲ့တာလို့ ဆိုပါတယ်။
စစ်မြေပြင်မှာ လက်နက်ကိုင်ပြီး စစ်ကောင်စီတပ်ကို ကိုယ်တိုင်ပါဝင်တိုက် ခိုက်နေတဲ့ ရဲဘော်သဲသဲကို ဧရာဝတီတိုင်းမ် သတင်းဌာနရဲ့ သတင်းထောက် နိုင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
🔴ဧရာဝတီတိုင်းမ်။ ။ရဲဘော်သဲသဲရဲ့အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်း၊ အဖွဲ့အစည်းကို ပြောပြလို့ရမလား။
ရဲဘော်သဲသဲ။ ။ နာမည်က မေသဲပါ။ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ(၂) အထူးကွန်မန်ဒိုတပ်ရင်း၊ P2-9914 တာဝန်ထမ်းဆောင် နေပါတယ်။
🔴ဧရာဝတီတိုင်းမ်။ ။ရဲဘော်သဲသဲ အနေနဲ့ စစ်ကောင်စီတပ်ကိုတွန်းလှန်ဖို့ အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးထဲ ဝင်ရောက်လာဖြစ်ပုံနဲ့ တိုက်ခိုက်ရေး ရဲဘော်တစ်ယောက် ဘယ်လို ဖြစ်လာတယ် ဆိုတာ ပြောပြပေးပါလား။
ရဲဘော်သဲသဲ။ ။တိုက်ခိုက်ရေးထဲဝင်ဖြစ်ခဲ့တာ စစ်ကောင်စီတပ်ကို အမြစ်ပြတ် တိုက်ထုတ်ဖို့အတွက် ပါပဲ။
🔴ဧရာဝတီတိုင်းမ်။ ။စစ်တပ်ကအာဏာ မသိမ်းခင်က ဖြစ်ချင်ခဲ့တဲ့ ရည်မှန်း ချက်တွေ၊ ဝါသနာတွေနဲ့ အခုလက်ရှိမှာ ဖြစ်ချင်နေတဲ့ အရာတွေကို ပြောပြပေးလို့ရမလား။
ရဲဘော်သဲသဲ။ ။ကျွန်တော်က အနုပညာကို ချစ်မြတ်နိုးတော့ အနုပညာနဲ့ပက်သက်တာမှန်သမျှ အကုန် ဝါသနာပါတယ်။ပန်းချီဆွဲတာကတော့ ကျနော်အတွက် စိတ်အပန်း ဖြေမှဖြေမှုအရဆုံး ဝါသနာပါ။
🔴ဧရာဝတီတိုင်းမ်။ ။အာဏာမသိမ်းခင်က ခေတ်စားခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲတွေမှာလည်း လူရွေးပွဲတွေ လိုက်ဝင်ပြိုင်ခဲ့ဖူးတာရှိတယ်လို့ သိထားတော့ အခုလိုစစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့ ဝါသနာကိုလည်း ရပ်တန့်ခဲ့ရတာမို့ ဘယ်လိုခံစားရလဲ။
ရဲဘော်သဲသဲ။ ။လူငယ်တွေရဲ့ ဝါသနာနဲ့ အနာဂတ်လမ်းကြာင်းတွေ ရိုက်ချိုး ဖျက်ဆီးခံရတာမှန်ပေမယ့် ကျွန်တော်က မှန်တဲ့လမ်းကိုပဲ ရွေးချယ်ပြီး ကျွန်တော့်လို အနာဂတ်ပျောက်ခဲ့တဲ့ ရဲဘော်တွေနဲ့အတူ ဆက်သွားခဲ့ပါတယ်။ ရှေ့တန်းကပြန်လာလို့ နားရင် ကျွန်တော်တောထဲမှာပဲ သီချင်း ရေးတယ်။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အထင်ကရ အကြောင်းအရာတွေကို ဝတ္တုတစ်ပုဒ်လို Note ထဲပြန်ရေး ဖြစ်တယ်။
🔴ဧရာဝတီတိုင်းမ်။ ။အခုဆို ရဲဘော်သဲသဲက အမျိုးသမီးတိုက်ခိုက်ရေး ရဲဘော်တစ်ဦးလို့ သိရတယ်။ စစ်မြေပြင်မှာ ရောဘယ်လို အမျိုးသမီးရဲဘော်တစ်ဦးအနေနဲ့ ဘယ်လိုမျိုးအခက်အခဲတွေ အများဆုံး ကြုံတွေ့ခဲ့ရလဲဆိုတာ ပြောပြ ပေးလို့ရမလား။
ရဲဘော်သဲသဲ။ ။ကျွန်တော် စစချင်းတိုက်ပွဲဝင်တုန်းက သေနတ်တောင်သေချာ မ မနိုင်ခဲ့ဘူး။ ခုနောက်ပိုင်းတော့ တိုက်ပွဲထဲမှာ ဒဏ်ရာရရဲဘော်တွေရဲ့ သေနတ်နဲ့ကျည်ကာတွေပါ ကူထမ်း ပေးနိုင်လာခဲ့ပြီ။ အခက်အခဲက ကျွန်တော့်လို အကောင်သေးတဲ့ လူပျော့တစ်ယောက် အတွက်တော့ အများကြီးရှိခဲ့ပေမယ့် ကျွန်တော့်ထက် ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတွေက ရဲဘော်တွေကို သင်ခန်း စာယူပြီး အခက်အခဲတိုင်းကို ကျော်လွှားခဲ့ပါတယ်။
🔴ဧရာဝတီတိုင်းမ်။ ။အမှတ်ရဆုံး တိုက်ပွဲ အတွေ့အကြုံတစ်ခုလောက် ပြောပြ ပေးလို့ရမလား။
ရဲဘော်သဲသဲ။ ။ အမှတ်အရဆုံးကတော့ ဖာပွန်မြို့သိမ်းတိုက်ပွဲပါပဲ။ မြို့ထဲမှာရှိတဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခုချီတက်ခဲ့ရတာ စိတ်လူပ်ရှားစရာကာင်းပြီး တိုက်ခိုက်ချမူန်းရေးနဲ့ ပတ်သက်ပြီးတော့ လည်း အတွေအကြုံပညာ များစွာရခဲ့ပါတယ်။
🔴ဧရာဝတီတိုင်းမ်။ ။မိသားစုနဲ့ အိမ်နဲ့ အဆက်အသွယ်ရှိလား။ မိသားစုကို လွမ်းတဲ့အခါ သတိရတဲ့ အခါမျိုးမှာ လုပ်လေ့ရှိတာက။
ရဲဘော်သဲသဲ။ ။ အိမ်နဲ့အဆက်သွယ်ရပါတယ်။သတိရရင်တော့ ဖုန်းပဲဆက်ဖြစ်ပါတယ်။
🔴ဧရာဝတီတိုင်းမ်။ ။အခုလုပ်နေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာတွေများ သတင်းစကားပါးချင်လဲ။
ရဲဘော်သဲသဲ။ ။ စစ်အာဏာရှင်တွေဘယ်လာက်ပဲ အာဏာရူးရူးပြည်သူတွေ သဘောဆန္ဒမပါဝင်တဲ့ နိုင်ငံကို အချိန်ကြာမြင့်စွာအုပ်ချုပ်လို့မရနိုင်ပါဘူး။ ကျွန်တော်တို့ ရဲဘော် တွေသည်လည်း ပြည်သူတွေနဲ့ အတူအောင်ပွဲရသည်အထိ ဆက်လက်ရုန်းကန် နေမှာဖြစ်ပါတယ်။
🔴ဧရာဝတီတိုင်းမ်။ ။တော်လှန် ရေးကာလမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ လုပ်နိုင်ခဲ့တယ်။ ဘာတွေ လုပ်ဆောင်ခဲ့လဲ ဆိုတာ ပြောပြ ပေးလို့ရမလား။
ရဲဘော်သဲသဲ။ ။ကျွန်တော် အရင်က Drone တပ်ဖွဲ့မှာ Custom drone piolet အနေနဲ့ တာဝန် ထမ်းဆာင်ခဲ့ပါတယ်။ နောက်တော့ ကျွန်တော်ရဲ့ပြတ်သားတဲ့စိတ်နဲ့ ဆုံးရှုံးခဲ့ရတဲ့ ရဲဘာ်တွေအတွက် တိုက်ခိုက်ရေးထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ငြိမ်းချမ်းမှုနဲ့မတရားမှုက ဒွန်တွဲမနေသင့်ပါဘူး။ ငြိမ်းချမ်းခြင်းကိုရဖို့ မတရားမှုတွေကို ကျွန်တော်တို့က အမြစ်ပြတ် တိုက်ထုတ်ဖို့လိုပါတယ်။ ကျွန်တော် တို့မလိုချင်ဆုံး စစ်ပွဲတွေကိုမှ ဖန်တီးခဲ့ရပါတယ်။ အာဏာရှင်တွေရဲ့ ပြည်သူတွေအပေါ် မတရားမှုနဲ့ ဖိနှိပ်မှုတွေ အမြစ်ပြတ်စေဖို့ ရည်ရွယ်ပြီး တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ပါတယ်။
🔴ဧရာဝတီတိုင်းမ်။ ။လက်ရှိမှာ ရဲဘော်သဲသဲ အနေနဲ့ ရော တာဝန်ထမ်း ဆောင် နေတဲ့ တပ်ရင်းက အခြား အမျိုးသမီး တွေအနေနဲ့ရော အလိုအပ်ဆုံးက ဘာဖြစ်မလဲ။ လက်ရှိ ရင်ဆိုင် နေရတဲ့ အခက်အခဲရှိ တယ်ဆိုရင် ပြောပြ ပေးလို့ရမလား။
ရဲဘော်သဲသဲ။ ။တောင်ပိုင်းမှာက အမျိုးသမီးတိုက်ခိုက်ရေးရဲဘော် နည်းနည်းတော့ရှားတယ်ဗျ။ အမျိုးသမီးတိုက်ခိုက်ရေးရဲဘာ်ဖြစ်ဖို့အတွက်လည်း အတော်လေးကြိုးစားပြီး ရုန်းကန်နေရတာတွေကို မြင်တွေ့ရတယ်။ အမျိုး သမီးရဲဘော်တွေနဲ့ ပတ်သက်ပြီး Drone (ဒရုန်း) ၊ Medic(ဆေးမှူး) ၊ ဆက်သွယ်ရေးနဲ့ ရုံးအလုပ် စသဖြင့် သင့်တော်တဲ့ တာဝန်တွေ အသီးသီးရှိကြတယ်ဗျ။ အမျိုးသမီး ရဲဘော်တွေထဲမှာလည်း တိုက်ခိုက်ရေး၊ Sniper နဲ့ Fighter Medic အဖြစ်တာဝန်ထမ်းဆောင်ဖို့ ကြိုးပမ်းနေသူတွေလည်းရှိပါတယ်။
အမျိုးသားရဲဘော် တပ်စု၊ တပ်ဖွဲ့တွေသာများစွာရှိပေမယ့် အမျိုးသမီးရဲဘော် တပ်စုတပ်ဖွဲ့ကတော့ တရားဝင်မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ အမျိုးသမီးရဲဘော်တွေလည်း ရဲရင့်စွာတန်းတူ တာဝန် ထမ်းဆာင်နိုင်ဖို့ အခွင့်အလမ်းတွေနဲ့အတူ တပ်စုတပ်ဖွဲ့များစွာ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။
🔴ဧရာဝတီတိုင်းမ်။ ။ အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
#အမျိုးသမီးကဏ္ဍ #လက်နက်ကိုင်တိုက်ပွဲဝင် #တိုက်ခိုက်ရေးရဲဘော် #ရဲဘော်သဲသဲ #အင်တာဗျူး #Ayeyarwaddy_Times