
ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ စက်တင်ဘာ ၁၀ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ စစ်ကောင်စီလက် အောက်ခံ သဲဖြူချောင်းတံတား စစ်ဆေးရေးဂိတ်စခန်းကို ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး ငါး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သဲဖြူချောင်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား နှင့် ရဲ တပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်ရှိပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီဝန်းကျင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ကျိုက်ထိုအခြေစိုက် ခမရ-၂ တပ်ရင်းမှ ဒုတပ်ကြပ် မောင်ဖြူ နှင့် တပ်ကြပ် မျိုးသိန်းတို့ကို မင်္ဂလာဒုံ စစ်ဆေးရုံသို့ပို့ ဆောင်ထားရပြီး ဒုတပ်ကြပ်မောင်ဖြူမှာ (စိုးရိမ်ရ)ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲတွေဖြစ်တော့ တောက်လျှောက် လက်နက်ကြီးတွေကျတယ်။ ဘီးလင်း ခမရ-၃ ကလည်း လက်နက်ကြီးတွေပစ်တယ်။ ကျိုက်ထို အမတ-၆၀၂ ကလည်းပစ်တယ်၊ အမတ-၃၁၀ ကလည်းပစ်တာ။ ကျွန်းတောရွာက ကလေး တစ်ဦး ထိထားတယ်” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီလက်အောက်ခံတပ်ရင်းများမှ လက်နက်ကြီးပစ်ကူ အများ အပြားပစ်ခတ်ခဲ့သည့်အတွက် ကျွန်းတောကျေးရွာမှ ၃တန်းကျောင်းသား မောင်ပိုင်ဇေထက်မှာ အိမ်ရှေ့တွင် ဆော့ကစားနေစဥ် လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး ခြေသလုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(သူရိယစစ်ကြောင်း)၊ ကျိုက်ထို(ပ.က.ဖ)၊ တပ်မဟာ ဒရုန်းတပ်ဖွဲ့တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီစစ် ဆေးရဂိတ်တစ်ခု(ပုံဟောင်း)
#ဘီးလင်း #စစ်ကောင်စီစခန်း #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times