ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိမ်းခံထား ရသည့် နယ်မြေများကို ဗုံးကြဲတော့ မည်ဖြစ်သည့်အတွက် ပြည်သူများ သတိထားနေရန် ခြိမ်းခြောက် ပြောဆိုခဲ့သည်။

မြို့ရွာများအား စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ လို အပ်သလို တိုက်ခိုက်သွားမည်ဆိုသည့် ခြိမ်းခြောက် ပြောဆိုမှုကို ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့က တောင်ကြီးမြို့တွင် ဌာနဆိုင်ရာမှ အရာရှိများ တွေ့ဆုံစဉ် စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ တိုက် ခိုက်မည်ဟု စစ်ခေါင်းဆောင်နှင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ကထုတ်ဝေသည့် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ထပ်မံဖော်ပြခဲ့သည်။

“လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများ အနေဖြင့် အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံ ရေးအတွက် သတိပြုရန်လိုအပ်ကြောင်း”စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြေပြင်တွင် တိုက်ခိုက်နိုင်သည့် စွမ်းရည်ချင်းမယှဉ် နိုင်တော့ဘဲ နယ်မြေများ လက်လွှတ်ဆုံးရှုံးခံ နေရသည့် စစ်ခေါင်းဆောင်က ထိုသို့ခြိမ်းခြောက်ပြောဆို မှုများအပြီးတွင် စစ်ရှောင်နေရာများပါမကျန် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက် နံနက် ၁ နာရီခန့်တွင် တအာင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် သို့ ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက် ခဲ့သည့်အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များအပါ အဝင် ဒေသခံ ၁၁ ဦးသေဆုံးပြီး ၁၁ ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ထို့အပြင် ရှမ်း-ကရင်နီနယ်စပ် လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကိုလည်း စက်တင် ဘာ ၅ ရက်နေ့တွင် စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် အသက်မပြည့်သေးသည့် ကလေးရှစ်ဦး နှင့် လူကြီးနှစ်ဦး စုစုပေါင်း ဆယ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀ လုံးဝန်းကျင် ပျက်စီးခဲ့ ကြောင်းသိရသည်။

ထို့နောက် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မ ကျေးရွာကို စက်တင်ဘာ ၆ ရက်နေ့ကပင် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဒေသခံပြည်သူ ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းတွင်လည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ရှိ ဆူးရစ်ကုန်းကျေးရွာကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီက ရှမ်းမြောက်၊ မန္တလေးတိုင်းနှင့် ကရင်နီတို့အပြင် လတ်တလောတွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် သံတွဲမြို့ကိုလည်း စက်တင် ဘာ ၇ ရက်နေ့ ညပိုင်းက ဗုံးကြဲတိုက်ခိုက် ခဲ့သည့်အတွက် ကျောင်းဆရာတစ်ဦးသေဆုံးပြီး နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်က သိမ်းပိုက်ထားသည့်နယ်မြေများ ကို ပြန်လည်ရယူရန် မဖြစ်နိုင်တော့သည့် အခြေအနေတွင် စစ်ဆင်ရေးများကို ကိုယ်တိုင်နာမည်ပေး၍ လေကြောင်းမှ မြို့ရွာများပျက်စီးပြီး ပြည်သူများထိခိုက်ဒဏ်ရာရရှိသည်အထိ ဆက်တိုက် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဖိနှိပ်နှိပ်စက်သည့်နေရာနှင့် ဝေးရာ လွတ်မြောက်နယ်မြေနှင့် တိုင်းရင်းသားနယ်မြေများတွင် ခိုလှုံလျက်ရှိသည့်အတွက် စစ်ခေါင်း ဆောင်က အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် သတိထားရန်ပြောဆိုသည်မှာ ပြည်သူကို တရားဝင်ပြောင်ကျကျ ခြိမ်းခြောက်ခြင်းပင်ဖြစ်ကြောင်း စစ်ရေးသုံး သပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင် ဒုချုပ်စိုးဝင်းတို့ ပူးပေါင်းပြီး ပြီးခဲ့သည့် ဩဂုတ်လ အတွင်းကပင် လေကြောင်းမှ တိုက်ခိုက်နှိမ်နင်းရန် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်ထားခဲ့ပြီး ယခုအခါတွင်လည်း စစ်ခေါင်း ဆောင်က ဆုံးရှုံးနယ်မြေများကို ပြန်လည်ထိုးစစ်ဆင်ရန် ရန်နိုင်မင်း စစ်ဆင်ရေးဟု အမည်ပေးကာလေတပ်နှင့် ကြည်းတပ်ပူးပေါင်း၍ စစ်ဆင်ရေး တစ်ရပ်ဖော်ဆောင် နေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

ပုံစာ-စက်တင်ဘာ ၄ ရက်နေ့က လွိုင်ကော် ဒကစ တွင်တွေ့ရသည့် စစ်ခေါင်းဆောင်
ပုံစာ- စက်တင်ဘာ ၅ ရက်နေ့က ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင် စခန်းကို ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်စဉ်
#စစ်ခေါင်းဆောင် #ပြည်သူများ #လုံခြုံရေး #သတိထားရန် #ခြိမ်းခြောက်ပြောဆို #Ayeyarwaddy_Times