ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၉ ရက်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ လားရှိုး ရပ်ကွက် (၁) တွင် ဗုံး နှစ်လုံး ကျရောက်ခဲ့ပြီး အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ၏ မီဒီယာ The Kokang တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လားရှိုးမြို့ လူနေရပ်ကွက်များသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး ယင်း၌ လားရှိုး ရပ်ကွက် (၁) တွင် ဗုံး နှစ်လုံး ကျရောက်ခဲ့ပြီး အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုအပြီးတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် ရဲဌာနတို့မှ ဝန်ထမ်းများသည် အခင်းဖြစ်ပွားရာသို့ အမြန်သွားရောက် ကယ်ဆယ်ရန် စီစဉ်ခဲ့ပြီး ပဏာမသတင်းအရ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း The Kokang ထံက သိရသည်။

အတိအကျ ဆုံးရှုံးမှုနှင့် အသေအပျောက်များကို အသေးစိတ် ထပ်မံသိရှိရန် လိုအပ်ကြောင်း The Kokang က ဆိုထားသည်။

စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီခန့်ကလည်း မြို့မြောက်ဘက်အစွန် ရပ်ကွက် (၁၂) အတွင်း လေကြောင်းမှ ဗုံး နှစ် လုံးကြဲချခဲ့ရာ အားကစားရုံနှင့် ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ်အနီးဝန်းကျင် ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်တင်ကား လေး စီးနှင့် ကား ၁၅ စီး ပေါက်ကွဲပျက်စီးစေခဲ့ပြီး အခြားယာဉ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

ဓာတ်ပုံ-The Kokang
#လားရှိုးမြို့ပေါ် #လူနေရပ်ကွက်များ #စစ်ကောင်စီ #လေကြောင်း #ထပ်မံဗုံးကြဲ #အရပ်သားပြည်သူ၁၂ဦးထက်မနည်း #ဒဏ်ရာရရှိ #Ayeyarwaddy_Times