ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

လက်ရှိသီတင်းပတ်တွင် အမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံခြားငွေလဲ ဈေးနှုန်းများကျဆင်းလာပြီး အကယ်ဒမီ အခေါက်ရွှေဈေးပါ ကျဆင်းလာကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ နီးပါးဈေးရောက် ရှိပြီးနောက် ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် အရောင်း ၅၆၀၀ ကျပ်နှင့် အဝယ် ၅၄၀၀ ဖြင့်ဈေးဖွင့်ကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

“အခုချိန်ကျတာလည်းခဏပဲကျတာ။ အပြောင်းအလဲတစ်ခုခုရှိလို့ကျတာမျိုး။ နောက်ဆိုရင် ဒေါ်လာ ဈေးက တစ်ဒေါ်လာ ကျပ် ၆၀၀၀ ပတ်ဝန်းကျင် လောက်မှာရှိနေမယ်လို့ ဒေါ်လာအရောင်း၊ အဝယ် လုပ်သူတွေကသုံးသပ်နေတာရှိတယ်” ဟု ဒေါ်လာစုဆောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တရုတ်ယွမ်ဈေးသည် တစ်ယွမ်လျှင် ကျပ် ၈၀၀ နီးပါးရောက်ရှိပြီးနောက်တွင် တစ်ယွမ်လျှင် ကျပ် ၇၁၀ သို့ ကျဆင်းလာကြောင်း ငွေလွှဲလုပ်သူများထံက သိရသည်။

ထို့ပြင် ထိုင်းဘတ်ဈေးသည် ထိုင်းတစ်ဘတ်လျှင် ၁၇၀ နီးပါးဈေးမြင့်တက်လာပြီးနောက်တွင် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၄၉ ကျပ်ထိပြန်လည်ကျဆင်းလာကြောင်း ငွေလွှဲဝန်ဆောင်မှုပေးသူများ ထံက စုံစမ်းသိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီအခေါက်ရွှေဈေး တရားဝင်သတ်မှတ်နှုန်းထား ဈေးတွင် တစ်ကျပ်သားကို ကျပ် သိန်း ၅၀ သတ်မှတ်ထားကာ ယင်းဈေးအတိုင်းရောင်းဝယ်ကျရန် ထုတ်ပြန်ထားသည်။

ပြင်ပပေါက်ဈေးတွင်မူ အကယ်ဒမီအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၆၅ သိန်းမှ သိန်း ၇၀ ကြားဈေးနှုန်းရှိပြီး ရောင်းသူ၊ဝယ်သူအကြိုက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၄၇၀၊ တရုတ်ယွမ် ၄၇၀ ကျပ် နှင့် ထိုင်းဘတ် ၉၇ ကျပ်ရှိပြီး ပြင်ပရွှေပေါက်ဈေး အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၅ သိန်းရှိသည်။

#အမေရိကန်ဒေါ်လာဈေး #ဘတ်ဈေး #ယွမ်ဈေးကျ #အကယ်ဒမီအခေါက်ရွှေ‌ဈေးကျ #Ayeyarwaddy_Times