
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
တနင်္လာနေ့က ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ တံတားတစ်စင်း ကျိုးကျခဲ့တယ်လို့ သိရပါတယ်။
ဖူသိုပြည်နယ်ရှိ မြစ်နီမြစ်ပေါ်ရှိ သံမဏိတံတားဟာ တနင်္လာနေ့မနက်ပိုင်းက ကျိုးကျခဲ့တာလို့ ဒေသန္တရအာဏာပိုင်တွေက မီဒီယာတွေကို ပြောပါတယ်။
တံတားကျိုးကျမှုကြောင့် မော်တော်ဆိုင်ကယ်တွေ၊ ကားတွေလည်း မြစ်ထဲထိုးကျခဲ့ပြီး လူသုံးဉီး ကို ကယ်ဆယ်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တစ်နာရီလျင် ၁၄၉ ကီလိုမီတာနှုန်းနဲ့တိုက်ခတ်တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီဟာ ဆယ်စုနှစ်များ စွာအတွင်း ဗီယက်နမ်မှာ တိုက်ခတ်တဲ့ အပြင်းထန်ဆုံးမုန်တိုင်း ဖြစ်ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ယာဂီဟာ တနင်္ဂနွေနေ့က အပူပိုင်း လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် အား နည်းသွားခဲ့ပေမယ့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးခဲ့ပါ တယ်။
တနင်္ဂနွေနေ့က စပါးခင်းတွေ၊ တောင်တန်းတွေကြောင့် နာမည်ကျော် တောင်တက်စခန်းရှိရာ ဆာပါမြို့မှာ မြေပြိုမှုကြောင့် လူခြောက်ဉီး သေဆုံးခဲ့ပြီး ကိုးဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်အတွင်း တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် လူ ၂၁ ဉီး သေဆုံးကာ ၂၉၉ ဉီး ဒဏ်ရာရရှိခဲ့ တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရေချိန်က ၁၅ လက်မ ကျော်အထိ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဖန်မင်ချင်းဟာ တနင်္ဂနွေနေ့က ဟိုင်ဖုန်မြို့တော်သို့ လာရောက်ကာ အဆိုပါဆိပ် ကမ်းမြို့တော် ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၄ ဒသမ ၆၂ သန်း ပံ့ပိုးကူညီဖို့ အတည်ပြုခဲ့ ပါတယ်။
တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် စိုက်ပျိုးမြေ ၁၁၆၁၉၂ ဟက်တာ ပျက်ဆီးခဲ့ရာ အများစုက စပါး ခင်းတွေဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား – AFP
Ref; Bridge collapses as more rain falls in Vietnam and storm deaths rise to 21
#Ayeyarwaddy_Times