နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

စစ်ကောင်စီက ၎င်းတို့ရွေးကောက်ပွဲ မတိုင်ခင် ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိအောင် သက်တမ်းကုန် ဗုံးများအပြင် ကာကွယ် ရေးပစ္စည်းစက်ရုံ(ကပစ) ၌ ဗုံး၊ ခဲယမ်းများ ချက်ချင်းထုတ်၍ လေကြောင်းတိုက်ခိုက်မှုများ အစွမ်းကုန် လုပ်ဆောင်လာကြောင်း CDM အရာရှိများ၏ ပြောကြားချက်အရ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ အရေးနိမ့်လာသည့် စစ်ခေါင်းဆောင်က ယခုရက်ပိုင်းအတွင်း တိုင်း နှင့် ပြည်နယ်အချို့ကို သွားရောက်၍ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တွေ့ဆုံကာ ဆုံးရှုံးနယ်မြေများ ပြန်လည်ရယူနိုင်ရန် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ခေါင်းဆောင်က ၎င်းတို့ကို စစ်ရှုံး အထိနာစေသော ညီနောင်သုံးဖွဲ့ကိုလည်း အကြမ်းဖက် အုပ်စုအဖြစ် ကြေညာကာ မြို့/ရွာများအား စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ လိုအပ်သလို တိုက်ခိုက် သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့က တောင်ကြီးမြို့ကို သွားရောက်၍ စစ်ကောင်စီ လက်အောက်ခံ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတစ်ဝန်းရှိ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိအောင် ရန်နိုင်မင်း စစ်ဆင်ရေး နာမည်ပေး၍ ရှမ်း(မြောက်/တောင်)၊ ကရင်နီ၊ မန္တလေး၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်ရှိ မြို့/ရွာများကို ဖျက်အားပြင်း ပေါင် ၃၀၀၊ ၅၀၀ ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့ ရွေးကောက်ပွဲ မတိုင်ခင် ဆုံးရှုံးထားသော နယ်မြေများကို ရနိုင်သမျှ ပြန်ယူနိုင်ရန်အတွက် ရည်ရွယ်၍ လေကြောင်း တိုက်ခိုက်မှုများ အစွမ်းကုန် ပိုမိုခပ်စိပ်စိပ် လုပ်ဆောင်လာသလို ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့အတွက် အဓိကပြဿနာသည် ဗုံး၊ ခဲယမ်းများဖြစ်ကြောင်း လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဆိုသည်။

“အာဏာသိမ်း ကာလအတွင်းမှာ စစ်ပွဲအပြင်းအထန် ဖြစ်တဲ့အခါ သူတို့အလွန်အကျွံ သုံးထား တာရှိတယ်။ ဟိုအရင်က Expire date ကုန်တဲ့ ဗုံးတွေသုံးတာ ကုန်တဲ့အပြင် အခုနောက်ပိုင်း သုံးတဲ့ ဗုံးတွေက ကပစကနေ ချက်ချင်းထုတ်၊ ချက်ချင်းပဲ ဗုံးကြဲမယ့် လေတပ်ကို ပို့တဲ့ဟာတွေရှိတယ်” ဟု တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ရာတွင် ထိခိုက်သေဆုံးမှုများစေရန် ပေါင် ၅၀၀၊ ပေါင် ၃၀၀ ဗုံးများအပြင် လေယာဉ်ပေါ်မှနေ၍ မြေပြင်တွင် ပုန်းခိုနေသူများကို ချိန်ရွယ်၍ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ပြောဆိုချက်များအရ သိရသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုများအတွက် ဗုံး၊ ခဲယမ်းများကို စစ်ကောင်စီက ၎င်းတို့လက်အောက်ခံ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ဖြစ်ကြသည့် ကပစ- ၃၊ ၂၁၊ ၁၃ နှင့် ၅ တို့တွင် အဓိကထား ထုတ်လုပ်နေကြောင်း စစ်နည်းဗျူဟာ ကျွမ်းကျင်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“လေယာဉ်ပစ် ဗုံးသီးတွေအတွက် ကပစ-၃ ဆင်တဲနဲ့ ကပစ-၂၁ ကဇွန်းမကနေ အဓိကထားပြီး ထုတ်တယ်။ ဒါပေမယ့် ဗုံးသီးရဲ့ အခြေခံစက်ရုံတွေတော့ ရှိတယ်။ ကပစ-၁၃ ဆင်ပေါင်ဝဲက ယမ်းနဲ့ ပတ်သက်တဲ့ အခြေခံ ကုန်ကြမ်းတွေကို ထုတ်တယ်။ ပြီးရင် ကပစ-၅ ကမြိုင်က ယမ်းကို အသင့်သုံးလို့ရအောင် ထုတ်တယ်” ဟု ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

မြန်မာနိုင်ငံသည် ဂျနီဗာကွန်ဗန်ရှင်းကို ၁၉၉၂ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးထားပြီး စစ်ကောင် စီက စစ်ရေးပစ်မှတ်မဟုတ်သော အဆောက်အဦများကို ယခုလို အင်အားပြင်း ဗုံး၊ လေကြောင်း တိုက်ခိုက်မှုများအပေါ် ကွန်ဗန်ရှင်းပါ ပြဋ္ဌာန်းချက်များအရ အရေးယူဆောင်ရွက်၍ ရကြောင်း သိရသည်။

ယင်းသို့ အရေးယူ ဆောင်ရွက်ရန် ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က အဓိကကျပြီး လက်ရှိအထိ ဆုံးဖြတ်ချက် မကျသေးခြင်းသည် လုံခြုံရေးကောင်စီ၏ ပျော့ညံ့မှု သို့မဟုတ် ကုလတွင် ဗီဒိုအာဏာ ရထားကြသော တရုတ်နှင့် ရုရှားတို့၍ အလိုတူ အလိုပါကိစ္စရပ်များကြောင့်ပင် ဖြစ်နေမည်လား တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။

“ဂျနီဗာ ကွန်ဗန်ရှင်းကပဲ သက်ဝင်လှုပ်ရှားမှု မရှိလေသလားဆိုတဲ့ လာပေါင်းများစွာ ရှိနေပါတယ်။ ဆိုတော့ကာ ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲ ရှိတယ်ဆိုတဲ့ စကားနဲ့အညီ ကျွန်တော်တို့ကိုယ်တိုင် ဘယ်လိုကြိုတင် ကာကွယ်မလဲ စတဲ့အစီအမံကောင်းတွေ ချထားကြပါလို့ပဲ ပြောပါရစေ” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေး နှစ်လကျော်အတွင်း စစ်ဘက်နှင့် လုံးဝမသက် ဆိုင်သော အရပ်သားများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ပြည်သူ ၂၀၁ ဦး သေဆုံးပြီး ၂၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် လူနေအိမ်၊ ဈေး၊ စာသင်ကျောင်းနှင့် အဆောက်အအုံ စုစုပေါင်း ၁၇၂ ခု ထိခိုက်မီးလောင် ပျက်စီးခဲ့ပြီး စစ်ကောင်စီအနေဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြောင်း တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) ၏ စက်တင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ-စက်တင်ဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့များက ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်း နှင့် နမ့်ခမ်းမြို့ပေါ်သို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချခဲ့သည့်မြင်ကွင်း

#စစ်ကောင်စီ #သက်တမ်းကုန်ဗုံးများ #ကပစထုတ်လက်နက်ခဲယမ်းများ #လေကြောင်းတိုက်ခိုက်မှုများ #အစွမ်းကုန်လုပ်ဆောင် #Ayeyarwaddy_Times