ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အရပ်သားပြည်သူများ အလံဖြူထောင်၍ ထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် KIA တို့သည် ယနေ့ စက်တင်ဘာ ၉ရက်နေ့ နေ့လယ်ပိုင်းအထိ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုရှိနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

“ဒီနေ့နေလယ်ထိ နှစ်ဖက်ပစ်ခတ်နေတယ်။ ဆိုင်းတောင်ရပ်ကွက် (၂) နဲ့ သာယာကုန်းလို့လည်းခေါ်တဲ့ ရှမ်းကုန်းက ဒေသခံတွေလည်း ရွှေ့ကုန်ကြပြီ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့က စစ်ကောင်စီနှင့် KIA တို့၏ စစ်ရေးတင်းမာမှုကို ပြေလျော့စေရန် စစ်ကောင်စီတပ်စွဲထားသည့် Lucky man hotelသို့ ငြိမ်းချမ်းရေးသွားရောက်ညှိနှိုင်းသည့် PCG(Peace talk Creation Group) ခေါင်းဆောင် ဦးယွတ်ဇော်ခေါင်ကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

ငြိမ်းချမ်းရေး ညှိနှိုင်းရန်သွားရောက်သူ ဦးယွတ်ဇော်ခေါင်မှာ စစ်တပ်၏ ပစ်ခတ်မှု‌ေကြာင့် ဘယ်ဘက်ပေါင်တွင်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဦးယွတ်ဇော်ခေါင်သည် ယခုလက်ရှိ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးခက်ထိန်နန်နှင့် ခမည်းခမက်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီတပ်စွဲထားရာ ဟိုတယ်အတွင်း ပိတ်မိပြည်သူများကို လွှတ်ပေးရန် သွားရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီက စက်တင်ဘာ ၇ရက် မနက် ၁နာရီအချိန်ခန့်က ဆိုင်းတောင်ကျေးရွာအတွင်း စစ်ကြောင်း သုံးကြောင်းခွဲ၍ဝင်ရောက်လာပြီး Lucky man hotelအတွင်း ပစ်ခတ်ဝင်ရောက် တပ်စွဲနေကြောင်း သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦးထက်မနည်းသေဆုံးပြီး ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

တိုက်ပွဲကြောင့် ဆန်းကြွယ်၊ မောတောင်း၊ ဆိုင်းတောင်ရှိ နေအိမ်များ ထိခိုက်ပျက်စီးပြီး ဒေသခံများ အလံဖြူထောင်၍ ယမန်နေ့ စက်တင်ဘာ ၈ရက်က စစ်ဘေးရှောင်ထွက်ပြေးကြရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက Lucky man hotelတွင်စစ်ကြောင်းတစ်ကြောင်း၊ ဆိုင်းတောင် တံတားအနီးလုံခြုံရေးယူနေသည့် စစ်ကြောင်းတစ်ကြောင်း၊ ကျောက်သွေးတောင်ဖက်တွင် စစ်ကြောင်း တစ်ကြောင်းတို့ဖြင့် စစ်ကြောင်း သုံးကြောင်း ခွဲထားကြောင်း သိရသည်။

ပုံစာ- PCGခေါင်းဆောင်ဦးယွတ်ဇော်ခေါင်သေနတ်ထိမှန်၊ ဆိုင်းတောင်တွင်နေအိမ်များ ပျက်စီးထိခိုက်ထားစဥ်
#ဖားကန့် #ဆိုင်းတောင် #စစ်ကောင်စီ #KIA #တိုက်ပွဲဖြစ် #ငြိမ်းချမ်းရေးဆွေးနွေး #သေနတ်ဖြင့်ပစ်ခတ်ခံရ #Ayeyarwaddy_Times