ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ရှင်ရွာအတွင်းရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများဆေးကုသရေးစင်တာကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပေါက်တောရှိ စစ်သုံ့ပန်းနှင့် အကျဉ်းသားများ ဆေးကုသရေးစင်တာကို ယမန်နေ့ စက်တင်ဘာ ၈ရက်နေ့တွင် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် အတွက် စင်တာအတွင်းရှိ ဆေးကုသခံယူနေသူ များနှင့် ဝန်ထမ်း စုစုပေါင်း ၂၀ထက်မနည်းသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာ ရရှိကြောင်း သိရသည်။

“စစ်ကောင်စီဘက်က သတင်းပေးတို့၊ တိုက်ပွဲအတွင်းဖမ်းမိလာတဲ့ စစ်သုံ့ပန်တွေနဲ့ ပေါက်တောအနီးရွာ တွေက လူတွေ ဆေးကုသမှုခံယူနေတဲ့စင်တာကို လာဗုံးကြဲတာပါ။ သေတဲ့သူအတော်များပါတယ်။ ဒီနေ့ နေ့လယ်မှာ သင်္ဂြိုဟ်ပါတယ်” ဟု ပေါက်တောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်၍ ဗုံး ရှစ်လုံးကြဲချခဲ့သည့်အတွက် ဆေးကုသမှု ခံယူနေရသော AA မှ ဖမ်းဆီးထားသည့် စစ်ကောင်စီစစ်သုံ့ပန်းများ၊ အကျဉ်းသားအချို့နှင့် ပေါက်တောမြို့မှ ဆေးလာရောက်ကုသနေသူ ဒေသခံများ၊ ဆေးရုံဝန်ထမ်းများ သေဆုံး ထိခိုက်ဒဏ်ရာ ရမှုများ ရှိခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်မှာ AAထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး အဆိုပါဆေးကုသရေးစင်တာမှာလည်း စစ်ကောင်စီစစ်သုံ့ပန်းများကို အဓိကထား ကုသပေးနေသည့် နေရာဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် စက်တင်ဘာ ၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၇ မိနစ်တွင် စစ်တွေမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော အမှတ် (၁၂) ရဲတပ်ရင်း အတွင်းမှလည်းကောင်း၊ နံနက် ၁၀ နာရီ ၅၇ မိနစ်တွင် စစ်တွေ၊ ပွိုင့်ရေတပ်စခန်းမှ လည်းကောင်း ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရပ်ရွာများအတွင်း ကျရောက် ပေါက်ကွဲ ခဲ့‌ကြောင်း AAက ထုတ်ပြန်ထားသည်။။

ဤပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရှိရပြီး စစ်‌ကောင်စီသည် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပေါက်တောမြို့နယ်ရှိ ကျေးရွာသုံးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌သည်။

စစ်ကောင်စီသည် ယခု လေးရက်အတွင်း ၎င်းတို့လက်လွှတ်လိုက်ရသည့် တိုင်းရင်းသားထိန်းချုပ် နယ်မြေ များကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၅၀နီးပါးခန့် သေဆုံးခဲ့ရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က ရှမ်းမြောက်နန့်ခမ်းမြို့ကို ဗုံးကြဲရာ ကလေးငယ်များအပါအဝင် ၁၁ဦးသေဆုံးခဲ့ပြီး၊ စက်တင်ဘာ ၅ ရက်နေ့က ရှမ်း၊ ကရင်နီနယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်းကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်မပြည့်သေးသည့် ကလေးရှစ်ဦး နှင့် လူကြီးနှစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

#ပေါက်တော #ဆေးကုသရေးစင်တာ #စစ်ကောင်စီ #ဗုံးကြဲ #ထိခိုက်သေဆုံးမှုများ #Ayeyarwaddy_Times