
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာအတွင်းမှနေ၍ မတရား ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားခံရသည့် ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ၆ရက်နေ့က ဖမ်းဆီးခံထားရသူများထဲမှ ဒေသခံ ၉၃ ဦးကို မတရားအသင်းဆက်သွယ်မှုနှင့်ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့ကြောင်းသိရပြီး ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ဗျိုင်းဖြူရွာသား ၁၄၄ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်လိုက်သည့်အတွက် ထောင်ဒဏ်ချမှတ်ခံရသူ ၂၀၀ကျော်ရှိလာပြီဖြစ်သည်။
“အမှန်က အကုန်သတ်ပစ်ဖို့ပါ။ မီဒီယာတွေပေါ်မှာပါလာပြီး တရားလက်လွတ် ရက်စက်တာတွေ ပေါ်ကုန်လို့ ဖမ်းထားတဲ့သူတွေစစ်ကြောရေးပို့ သတ်ပစ်ပြီး ကျန်တဲ့လူကုန် ၁၇(၁)နဲ့ တရားစွဲ ထောင်ချတာပါ” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည့် ပြီးခဲ့သည့် မေ ၂၉ရက်နေ့တွင် ဗျိုင်းဖြူရွာအတွင်းသို့ အကြမ်းဖက် ဝင်ရောက်လာပြီး ရွာသား ၇၆ ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့်အပြင် အသက်မပြည့်သေးသည့် အမျိုးသမီးနှစ်ဦးအပါအဝင် စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသမီးတစ်ဦးနှင့် အမျိုးသမီးငယ် အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အုပ်စုဖွဲ့ အဓမ္မကျူးလွန်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန် ၄ရက်နေ့ကလည်း အသက်မသေဘဲကျန်ရစ်သည့် ဗျိုင်းဖြူရွာသား ၂၀၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် စစ်ကြောရေးသို့ပို့ဆောင်ခဲ့သည့်အတွက် အချို့မှာ စစ်ကြောရေးတွင် နှိပ်စက်ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင်း ဆေးရုံတွင် ဆေးကုသမှု ခံယူရင်း သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ဖမ်းဆီးခံရသည့် ရွာသား ၂၃၇ယောက်ကို ထောင်သုံးနှစ်စီချမှတ်ပြီးနောက် ဆက်လက်ဖမ်းဆီး ခံထားရသူများမှာ မည်သည့်နေရာတွင်ရှိနေကြောင်းကိုပင် မိသားစုများအနေဖြင့် စုံစမ်း၍ မရသေးကြောင်း သိရသည်။
စစ်ကောင်စီက ဗျိုင်းဖြူရွာသားများကို ကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်ကာ နှိပ်စက်သတ်ဖြတ် သည့်အပြင် ယခုကဲ့သို့ စွပ်စွဲချက်များဖြင့် ဖမ်းဆီးထောင်ချခဲ့သည့်အပေါ် အကူအညီရရှိခြင်းမရဘဲ စစ်ကောင်စီ၏ မတရား နှိပ်စက်မှုဒဏ်ကိုသာ ခံစားနေရကြောင်း စစ်တွေမြို့ရှိ ဒေသခံများကဆိုသည်။
ပုံစာ-ဗျိုင်းဖြူရွာဒေသခံများ
#စစ်တွေ #ဗျိုင်းဖြူရွာ #ဒေသခံ #၂၀၀ကျော် #ထောင်ဒဏ်၃နှစ် #မတရားချမှတ်ခံရ #Ayeyarwaddy_Times