ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ရက်

ရခိုင်ပြည်နယ်၊ သံတွဲရှိ ဒွါရာဝတီမြို့သစ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းဆရာတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ စက်တင်ဘာ ၇ရက်နေ့ ညပိုင်းက သံတွဲရှိ ဒွါရာဝတီမြို့သစ်ကို လာရောက်ဗုံးကြဲချတိုက်ခိုက်သည့်အတွက် အမှတ်(၈)ရပ်ကွက်တွင် နေထိုင်သူကျောင်းဆရာတစ်ဦး ဗုံးထိမှန်သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

“တိုက်ပွဲတွေငြိမ်ပြီဆိုပြီး ဒေသခံတွေက ကိုယ့်အိမ်ကိုယ်ပြန်လာနေကြပြီ။ ညကဗုံးလာကြဲတာ။ ဘယ်နှစ်လုံးမှန်းကို မသိဘူး။ နီးနီးလေးလိုပဲ။ အခုမနက်မှ ကျောင်းဆရာတစ်ဦးသေတယ် သိရတယ်။ ဖုန်းလိုင်းတွေကလည်းမရဘူး။ ဖုန်းဆက်ချင်ရင် ဖုန်းဆက်လို့ရတဲ့နေရာကိုသွားပြီး AA ကို ပြောဆက်ရင်တော့ရတယ် ဘယ်သူ့ဆီဆက်မယ်ဆိုပြီး” ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၅ရက် ညနေ ၆နာရီက သံတွဲမောင်‌ရွှေလေးရှိ ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းယူပြီးနောက် သံတွဲမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

စစ်ကောင်စီနှင့် AAတို့ ပြီးခဲ့သည့် ဧပြီ ၁၃ရက်နေ့ကတည်းက သံတွဲတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတွဲရှိ စစ်စခန်းအားလုံးကို AA က သိမ်းယူနိုင်ခဲ့သည်။

သံတွဲတွင် လေယာဉ်ကွင်းနှင့် ရေတပ်စခန်းတို့လည်းအခိုင်အမာရှိသည့်အတွက် အဆိုပါ လေယာဉ်ကွင်းအပါအဝင် စစ်ကောင်စီရေတပ်စခန်းကို AA က စစ်ကောင်စီထံမှ ပထဦးဆုံး သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သံတွဲရေတပ်စခန်းတွင် စစ်ကောင်စီက အင်အား ၁၂၀၀ကျော်သုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံးကြောင်း AAကထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့လက်လွှတ်လိုက်ရသည့်နယ်မြေများတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- ဒွါရာ၀တီမြို့သစ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအား တွေ့ရစဉ် (ပုံဟောင်း)
#ရခိုင် #သံတွဲ #ဒွါရာဝတီမြို့သစ် #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times