
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာအတွင်း စစ်ကောင်စီတပ်များစစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၆ရက် ည ၁၁နာရီခန့်တွင် ဆိုင်းတောင်မြို့ အတွင်းဝင်ရောက်လာပြီး ယမန်နေ့ စက်တင်ဘာ ၇ရက် နံနက် ၁နာရီခန့်တွင် စစ်ကြောင်းသုံးကြောင်းခွဲ၍ စတင်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ဆိုင်းတောင်ရှိ lucky man hotelအနီးသို့ စစ်ကြောင်းတစ်ကြောင်း၊ ဟိုတယ်အနီး တံတားထိပ်တွင် ကင်းပုန်းဝပ်နေရာယူထားသည့် စစ်ကြောင်းနှင့် ကျောက်သွေးတောင်ဖက်တွင် စစ်ကြောင်းတစ်ကြောင်းဖြင့် စစ်ကြောင်း သုံးကြောင်းခွဲ၍ ဝင်ရောက်လာကြောင်း သိရသည်။
“Lucky man hotel ထဲက KPDFတွေကို ဝင်တိုက်တာလို့သိထားတယ်။ အခုဝင်လာတဲ့ စစ်ကြောင်းကို KIAက ပြန်ပိတ်ဆို့ထားတယ်။ ဟိုတယ်ထဲက တချို့လည်းစစ်တပ်က ဝင်ပစ်လို့ သေတယ်ကြားတယ်။ ဒေသခံလား PDFလားမသိဘူး။ သုံးယောက်ထိတယ်တဲ့” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆိုင်းတောင်ရွာအတွင်းဝင်လာသည့် စစ်ကြောင်းများကို KIAက ပိတ်ဆို့ထား၍ စစ်ရေးတင်းမာသည့် အခြေအနေသို့ရောက်နေပြီး ယမန်နေ့ ညနေ ၅နာရီတွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားနေစဉ် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေပြီး အများစုမှာ ပိတ်မိနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်နေ့တွင်လည်း ဖားကန့်ရှိ မရှိကထောင်နှင့်အောင်မြေကွက်သစ်တို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIAက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့အတွင်းရှိ စစ်ကောင်စီ၏ ဖားကန့်ဗျူဟာမှ ၆၀မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်သည့်အတွက် အထကကျောင်းအနီး ဖြတ်သန်းသွားလာသည့် ဒေသခံနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
#ဖားကန့် #ဆိုင်းတောင် #စစ်ကောင်စီ #KIA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times