ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုကို နေ့စဉ်ပြုလုပ်နေပြီး မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထား၍ စစ်ကူကိုလည်း လေကြောင်းမှတဆင့် ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ချပေးလျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ စက်တင်ဘာ ၈ ရက်နေ့တွင် နံနက် ၄နာရီခန့်မှစ၍ နေ့လယ် ၃နာရီအထိ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်အထိပြုလုပ်ခဲ့ပြီး တံတားဦးလေတပ်နှင့် ဟုမ္မလင်းမှတက်လာသည့် MI 2လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် FTC- 2000 G Jet Fighter များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ညနေ ၃နာရီခန့်တွင် MI-17 ရဟတ်ယာဉ်လေးစီး ပင်လည်ဘူးမြို့မြောက်အရပ်သို့ ပျံသန်းသွားပြီး စစ်ကူအချို့ပို့ခဲ့ကြောင်း သိရသည်။

“သိမ်းဖို့ပွိုင့်တစ်ခုတည်း ကျန်တော့တာပါ။ မြေပြင်ထိုးစစ်ဝင်မလာအောင် အကုန်ပိတ်ဆို့ထားနိုင်တယ် လို့သိရပါတယ်။ စစ်တပ်ဘက်ကလက်နက်နဲ့တကွ အညံ့ခံလာတာ အမှန်ပါ။ အခုတိုက်ပွဲအခြေအနေက သိမ်းလို့တော့မရသေးဘူး။ ရကာနီးတော့ဖြစ်နေတယ်။ အဲ့ဒီလိုပါ” ဟု ထောက်ပို့ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးထက်မနည်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့က တိုက်ပွဲအတွင်း လက်နက်နှင့်တကွ တော်လှန်ရေးတပ်ဖွဲ့များထံ အညံ့ခံလာပြီး အညံ့ခံလာသူအများစုမှာ စစ်သား သစ်စုဆောင်းခေါ်ယူခံထားရသူများနှင့် ပေါ်တာဆွဲခံလာရသော လူငယ်အများစုဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ဦးခန့်သာပါဝင်ကြောင်း ဧရာဝတီတိုင်းမ်သတင်းရင်းမြစ်က ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့မှစတင်၍ တိုက်ပွဲဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအများစုကိုသိမ်းပိုက်ထားနိုင်ခဲ့သည်။

မြေပြင်တွင်ထိုးစစ်ဆင်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီသည် လေကြောင်းကိုအဓိကထား တိုက်ခိုက်နေပြီး ယမန်နေ့ စက်တင်ဘာ ၇ရက် တစ်ညလုံး လေကြောင်းမှ‌ဗုံးအလုံးရေ ၁၀၀နီးပါး ကြဲချတိုက်ခိုက်ခဲ့သည်။

ပုံစာ- ပင်လည်ဘူးတိုက်ပွဲအတွင်း စစ်ကောင်စီထံမှသိမ်းဆည်းရမိသည့် လက်နက်များ ၊ လေ့ကျင့်ရေးပြုလုပ်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#စစ်ကိုင်း #ပင်လည်ဘူး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #စစ်ကူပို့ #Ayeyarwaddy_Times