ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၈ ရက်)
သားဆက်ခြားတာနဲ့ပတ်သက်ပြီး ရှေးရိုးစွဲ ခေတ်နောက်ကျကျန်ခဲ့တဲ့ ဥပဒေတွေကတော့ အကန့်အသတ် တွေနဲ့ ပိတ်ပင်တားဆီးထားပါတယ်။ ကလေးငါးယောက်မွေးပြီးမှ ကလေးအမေကို သားကြောဖြတ်ဖို့ ခွင့်ပြုတာမျိုးတွေကြောင့် အမျိုးသမီးတွေမှာ ကိုယ့်သားအိမ်ကိုတောင် ကိုယ်မပိုင်တဲ့ဘဝရောက်နေရပါတယ်။
သားကြောဖြတ်ခြင်းကို အမျိုးသမီးတွေအပြင် အမျိုးသားတွေမှာလည်းလုပ်လို့ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အမျိုးသားသားကြောဖြတ်ခြင်းကို ပိတ်ပင်ထားပါတယ်။
သားဆက်ခြားနည်းလမ်းတွေ များစွာရှိတဲ့အနက် ကလေးမွေးဖွားခြင်းကို ရာသက်ပန်ရပ်တန့်သွားစေတဲ့ သားဆက်ခြားနည်းလမ်းကတော့ ခွဲစိတ်ပြီး သားကြောဖြတ်လိုက်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
စီးပွားရေးမကောင်းတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲမွဲတေခြင်း၊ ပညာရေးချို့တဲ့ခြင်းတွေကို ဖြစ်စေတဲ့ အကြောင်းအရာတွေထဲကတစ်ခုဖြစ်တဲ့ သားဆက်မခြားလို့ လူဦးရေတိုးပွားခြင်းဆိုတာကို လူအများ နားမလည်နိုင်ကြပါဘူး။ မိဘဖြစ်ဖို့ဆိုတာ ကလေးမွေးလိုက်တိုင်း ဖြစ်တယ်ဆိုပေမယ့် ကိုယ့်မျိုးဆက်ကို ကောင်းမွန်တဲ့ပညာရေးပေးဖို့ လူပတ်ဝန်းကျင်မှာ လူတန်းစေ့ထားနိုင်ဖို့ အစာ အာဟာရဖူလုံအောင် ကျွေးနိုင်ဖို့ ဆိုတဲ့အကြောင်းအရာတွေပါထည့်သွင်းစဉ်းစားဖို့လိုအပ်လာပါတယ်။
ဒါကြောင့်သားဆက်ခြားခြင်း ကျန်းမာရေးကိစ္စတွေကိုလည်း လူတိုင်းသိနားလည်ပြီး ကိုယ်ပိုင် ဘဝများကို အကောင်းဆုံးပုံဖော်နိုင်ကြစေချင်ပါတယ်။
#အမျိုးသမီးများသားကြောဖြတ်ခြင်း (Tubal sterilization)
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ အမျိုးသမီးများသားကြောဖြတ်ခြင်းအတွက် ခွဲစိတ်ကုသခြင်း နည်းလမ်းကိုသာ အသုံးပြုကြပါတယ်။ အဲ့ဒီ ကုသနည်းလမ်းကတော့ လူနာကို ခွဲစိတ်ခန်းအတွင်း ပို့ဆောင်ကာ ထုံဆေးဒါမှမဟုတ် မေ့ဆေးပေးပါတယ်။ ဝမ်းဗိုက်ကိုဖွင့်ပြီး သားဥပြွန်ကို ဖြတ်တောက်ချည်နှောင်ခြင်းနည်းလမ်းဖြစ်စေ၊ ကြိုးချည်ကာ အထုံးထုံးသောနည်းလမ်းဖြင့်ဖြစ်စေ၊ နှစ်ခုစလုံးပေါင်းစပ်၍ဖြစ်စေ သားကြောဖြတ်ကြပါတယ်။
အဲ့ဒီလို သားကြောဖြတ်ခြင်းကို သားဖွားမီယပ်အထူးကုဆရာဝန်များ၊ ခွဲစိတ်ဆရာဝန်များနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များက နိစ္စဒူဝ အလွယ်တကူလုပ်ဆောင်နိုင်ကြပါတယ်။
ဒါက လက်ရှိမြန်မာနိုင်ငံမှာပြုလုပ်ကြတဲ့ သားကြောဖြတ်နည်းလမ်းဖြစ်ပါတယ်။
ခွဲစိတ်သာကြောဖြတ်ခြင်းက လွယ်ကူပေမယ့် သားကြောဖြတ်ခွင့်ရဖို့ တရား ဝင်စာရွက်စာတမ်း လျှောက်လွှာတွေကို အဆင့်ဆင့်ဖြတ်သန်း တင်ပြရပါတယ်။
ကိုယ်ဝန်ဆောင်ရန်မသင့်တော်တဲ့ ရောဂါရှိကြောင်း သမားတော်၊ခွဲစိတ်ဆရာဝန်နှင့် ဆေးရုံအုပ်တို့မှ ထောက်ခံပေးသည့် စာ၊အသက်ကန့်သတ်ချက်များနဲ့အတူ ကလေးသုံးယောက်နှင့်အထက်ရှိနေပြီးသော အမျိုးသမီး၊ သုံးကြိမ် တိတိခွဲစိတ်မွေးထားဖူးသူအမျိုးသမီး၊ ခွဲမွေးစဉ် နောက်တစ်ကြိမ်မွေးရန်မသင့်ဟု ဆရာဝန်က ယူဆပြီး ထောက်ခံထားသူအမျိုးသမီးများမှာသာ သားကြောဖြတ်ခွင့်ရှိတယ်လို့ ဥပဒေသတ်မှတ်ထားခဲ့ကြပါတယ်။
ဘုတ်အဖွဲ့နဲ့ ဆုံးဖြတ်ပြီးမှသာ သားကြောဖြတ်ခွင့်လျောက်ထားသူ အမျိုးသမီးကိုပြုလုပ်ခွင့် ပေးပါတယ်။ သားကြောဖြတ်ခွင့်မကျဘဲ သားကြောဖြတ်လိုက် ပါက ဆရာဝန်ကိုတရားစွဲပါတော့တယ်။
တစ်ခါတလေမှာ ဘုတ်အဖွဲ့ရဲ့ နောက်ကျမှုကြောင့် ခွဲစိတ်မွေးဖွားရမယ့် ရက်အတွင်းမှာသားကြော ဖြတ်ခွင့်မရတာကြောင့် နောက်ထပ်တစ်ခါသားကြောဖြတ်ဖို့ကို ခွဲခန်းတစ်ခေါက်ပြန်ဝင်ရတာကြောင့် လူနာမှာနစ်နာရပါတယ်။ အရေးပေါ်ခွဲခန်းဝင်ရတဲ့ သတ်မှတ်ချက်ပြည့်မီတဲ့ အမျိုးသမီးတွေမှာတောင် တရားဝင်သားကြောဖြတ်ခွင့်မရှိလို့ သားကြောမဖြတ်ပေးရတဲ့ အခြေအနေတွေလည်း ကြုံတွေ့ ရပါတယ်။
တရားဥပဒေက လူသားတွေကိုအဆင်ပြေစေဖို့ ပြဌာန်းတာပဲဖြစ်ရပါမယ်။ ဒီတရားဥပဒေကြောင့် လိုက်နာရသူတွေမှာ ဝန်ပိုထမ်းနေရပြီဆိုရင်တော့ ဖျက်ဖို့သင့်ပါပြီလို့ပဲ ကျွန်တော့်အနေနဲ့ ယူဆ မိပါတယ်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပိုင်ခွင့်တွေ မြန်မာနိုင်ငံမှာဆုံးရှုံးလျက်ရှိပါတယ်။ ကိုယ်ဗိုက်ထဲမှာရှိတဲ့ ကိုယ့်သားအိမ်ကို ဖယ်ရှားချင်ပါက ထုတ်ခွင့်ရှိရပါမယ်။ ရင်သားများမလိုချင်ပါက ခွဲစိတ်ဖြတ်တောက်ခွင့် ရှိပါတယ်။ အမျိုးသမီးများစွမ်းရည်မြှင့်တင်ခြင်းဟု ကပွဲတွေလုပ်ပြီး ပြနေကြသော ဗိုလ်ကတော်တွေသာ နေရာတက်ယူသည့် အမျိုးသမီးရေးရာအဖွဲ့က အမျိုးသမီးရပိုင်ခွင့်တွေကို လျစ်လျူရှုနေခဲ့တာကြာပါပြီ။
ဉာဏ်ပညာအရလည်း ဆင်ခြင်နိုင်စွမ်းလိုက်မမီပါ။ တစ်ကိုယ်လုံးလုံခြုံအောင်ဖုံးဖို့ ဗိုင်းကောင်း ကျောက်ဖိ အိန္ဒြေရှင်ကြီးများအသွင်ဖြစ်စေဖို့ အိမ်ထောင့်တာဝန်ထိမ်းနိုင်ဖို့တွေကိုသာ အလေးပေးနေပြီး ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ဦးဆောင်စေခြင်း၊ အမှီခိုကင်းကင်းဖြင့်ရှင်သန်နိုင်ဖို့ကူညီပေးခြင်း၊ ပင်ကို ပါရမီများကိုမြှောက်စားချီးမြှောက်ခြင်းတွေမရှိနေပါ။ သားဆက်ခြားပညာပေးခြင်းဆိုတဲ့ ကိစ္စတွေ ဟာလည်း အဲ့ဒီလိုအဖွဲ့အစည်းတွေရဲ့ အတွေးအမြင်တွေထဲမှာရှိမနေပါဘူး။
မြန်မာနိုင်ငံမှာ မတွေ့ရတဲ့ အမျိုးသမီးသားကြောဖြတ်နည်းတွေလည်းရှိပါတယ်။ လူဦးရေများလှပါတယ် ဆိုတဲ့ အိန္ဒိယ(india) နိုင်ငံမှာရှိတဲ့အမျိုးသမီးတွေကတော့ ခွဲစိတ်ခန်းမသုံးနိုင်တာကြောင့် စမ်းသပ်ခန်း မှာတင် မိန်းမကိုယ်မှတစ်ဆင့် သားဥပြွန်ကိုနှိုက်ယူဖြတ်တောက်တဲ့ နည်းလမ်းကိုသုံးပြီး သားကြော ဖြတ်တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာတော့နည်းပညာတွေ မြင့်လာတာနဲ့အမျှ ဝမ်းဗိုက်မှာဖြစ်စေ မိန်းမကိုယ်မှာဖြစ်စေ အပေါက်ဖောက်ပြီးမှန်ပြောင်း ထိပ်တပ်ထားသော ပိုက်စက်ယန္တရားဖြင့် (Laparoscopic surgery)သားကြောဖြတ် ခွဲစိတ်ဖြတ်တောက်ကုသခြင်းတွေပြုလုပ်နိုင်ပါတယ်။
#အမျိုးသားများသားကြောဖြတ်ခြင်း (Vasectomy)
အမျိုးသားများရဲ့ သုက်ပို့ပြွန်ကို ဖြတ်တောက်ခွဲစိတ်ခြင်း နည်းလမ်းနဲ့ လုပ်ဆောင်တဲ့ အမျိုးသား များသားကြောဖြတ်ခြင်းက အန္တရာယ်နည်းသလို အလွန်ပဲ လွယ်ကူပါတယ်။ အမျိုးသားတွေကြီးစိုးတဲ့ အတွေးအမြင်တွေနဲ့ ရှုမြင်ပါက ဒီနည်းလမ်းကဘောင်ဝင်မနေပါဘူး။ ဥပဒေအရလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ ခေတ်တွေစနစ်တွေပြောင်းလဲပြီး အတွေးအခေါ်တွေခေတ်မီလာတဲ့အခါမှာ သားဆက်ခြားခြင်းဝန်ကိုအမျိုးသမီးတွေသာမကဘဲ အမျိုးသားတွေမှာလည်း တာဝန်ရှိတာမို့ တာဝန် ယူနိုင်ကြစေဖို့ အမျိုးသားသားဆက်ခြားခွဲစိတ်ကုသခြင်းတွေ ပေါ်ပေါက်လာဖို့လည်း မျှော်လင့် မိပါတယ်။
သားဆက်ခြားခွဲစိတ်ကုသခြင်းအကြောင်းအရာကိုဖတ်ရှုနားလည်ပြီးသွားတဲ့အခါမှာနောက်တစ်ပတ်မှာတော့ ခန္ဓာကိုယ်အင်္ဂါရောင်းချခြင်းတွေပြုလုပ်လာကြရတဲ့ မြန်မာပြည်သူတွေအတွက် ကျောက်ကပ် တစ်လုံး ရောင်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေ အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Ayeyarwaddy Times သတင်းဌာန စာဖတ်ပရိသတ်များအားလုံး သာယာချမ်းမြေ့တဲ့ ဘဝကို ရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အကောင်းဆုံးသားဆက်ခြားနည်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)