
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းငယ်နှင့် ဗီယက်နမ်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားမည့် ရာဂိအရှိန်ကြောင့် လာမည့်နှစ်ရက် အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မိုးပိုလာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါမုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ကာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ ဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလ ထံက သိရသည်။
မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်လည်း နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် မိုးတိမ်တောင်ဖြစ်ထွန်းနေသည့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်ကြောင်းသိရသည်။
မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလ က အသိပေးထားသည်။
လက်ရှိမိုးနှောင်းကာလအတွင်း ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးများတွင် မြစ်ရေသည် စိုးရိမ်ရေ မှတ်ထက် တစ်ကြိမ်စီကျော်လွန်ရောက်ရှိနိုင်သဖြင့် သတိပြုနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုးဇလ၊ ဧရာဝတီတိုင်းမ်
#တစ်ပြည်လုံးမိုးပိုမည် #ဘင်္ဂလားပင်လယ်အော် #မုန်တိုင်းငယ် #ရာဂိ #yagi #Ayeyarwaddy_Times