
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ကျေးရွာများတွင် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့၌ မပါဝင်လိုသူများထံမှ အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့က ငွေတောင်းယူကာ လူစားထိုးမှုများ လုပ်နေသည်ဟု မြို့ခံများထံက သိရသည်။
ရပ်ကွက် ၊ ကျေးရွာများတွင် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် ရပ်ကွက်ကျေးရွာ အုပ်စုတစ်စုလျှင် အင်အား ၆၀ ဦး အထိ စုဆောင်ကာ မပါဝင်နိုင်သူများထံက တစ်ဦးလျှင် ကျပ်သိန်း ၃၀ အထိ ငွေတောင်းယူကာလူစားထိုးပေးနေခြင်း ဖြစ်သည်။
“အများဆုံးငွေပေးပြီး လူစားထိုးတာက ငွေကြေးတတ်နိုင်တဲ့ မြို့ထဲကလူမျိုးခြားစီးပွားရေးသမားတွေ ငွေကြေးတတ်နိုင်တဲ့ သူတွေပေါ့။ ရွာတွေဘက် နဲ့ လက်လုပ်လက်စား တွေကတော့ ပေးစရာကလည်း ငွေမရှိ ၊ ပြေးစရာကလည်း မြေမရှိတော့ လူစားမထိုးနိုင်ကြဘူး ” ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့၌ပါဝင်၍ စစ်မှုမထမ်းလို သူများအနေဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိထံ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တိတ်တဆိတ် ကြိုတင်ချိတ်ဆက် အကြောင်းကြားထားကာ ငွေပေးပြီး လူစားထိုးကြရသည်ဟု အမှတ် (၄) ရပ်ကွက်တွင်နေထိုင်သူ အချို့ထံကသိရသည်။
စစ်ကောင်စီက အသက် ၃၅ နှစ် မှ ၆၅ နှစ်ရှိသူ အမျိုးသားများကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းကာ အခြေခံစစ်ပညာတစ်လ သင်ကြားပေးမည်ဖြစ်ပြီး လိုအပ်ပါက လက်နက်တပ်ဆင်ပေးမည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေးရုံး အသိုင်းအဝန်းက သိရသည်။
“အိမ်မှာကမိသားစုသုံးယောက်ပဲရှိတာ။ မိန်းမ ကမျက်လုံးမကောင်းဘူး။ သားဖြစ်တဲ့သူလည်း အတင်းတပ်ထဲစွဲထည့်ခံရတာ ခုထိအဆက်အသွယ် မရတော့ဘူး။ ခုတခါကျုပ်ကို စစ်ထဲထည့်ပြန်တယ်၊ အဝတ်ဖြူမရှိလည်း အိတ်ကျွတ်အဖြူနဲ့ အလံထောင်လို့ရတယ်” ဟု ပုသိမ်မြို့နယ်က အသက် ၆၃ နှစ်ရှိ ရွာသား တဦး ကပြောသည်။
ပုသိမ်မြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၇၅ အုပ်စုရှိနေပြီး လူဦးရေ သုံးသိန်းကျော်ရှိနေသည်ဟု ၂၀၁၄ ခုနှစ် သန်ခေါင်းစာရင်း မှတ်တမ်းအရသိရပြီး ပု သိမ်မြို့တွင်လည်း အနောက်တောင်တိုင်း စစ် ဌာနချုပ်(နတခ) ၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်၊ရေတပ်၊ အမြောက်တပ်နှင့် ရဲတပ်ဖွဲ့များ ရှိနေသည်။
အာရက္ခတပ်တော် (AA) က မြို့များကို သိမ်းပိုက်နိုင်သည့်အထိ စစ်ရေးအသာစီးရနေသည့် ရခိုင်ပြည်နယ် နှင့် နယ်နမိတ်ခြင်းထိစပ်နေသောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုင်းအတွင်းရှိ ရခိုင်ရိုးမ တောတောင်များအတွင်းနှင့် ကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးမှုများလုပ်နေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များထံက သိရသည်။
#စစ်ကောင်စီ #ပြည်သူ့လုံခြုံရေးအဖွဲ့ #မပါဝင်လို #ပုသိမ်ဒေသခံများ #ငွေတောင်း #လူစားထိုး #Ayeyarwaddy_Times