ဧရာဝတီတိုင်းမ်
စက်တင်ဘာ၇ ရက်

ပြည်ပနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသောအလုပ်သမားများ၏လစာငွေထဲမှ ၂၅ ရာခိုင်နှုန်းကို တရားဝင်နည်းလမ်းဖြင့် ပြန်မပို့လျှင် အလုပ်သမားနှင့် အလုပ်အေဂျင်စီကိုအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထပ်မံဖိအားပေးလိုက်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလကလည်း ပြင်ပရောက်အလုပ်သမား လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ ငွေလွှဲရန်ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

ပြည်တွင်းရှိမိသားစုဝင်များထံ တရားဝင်ဘဏ်စနစ်၊Remittance Business License ( RBL)၊ ဘဏ်ဖြင့် ချိတ်ထားသော နိုင်ငံတကာငွေလွဲဝန်ဆောင်မှုများမှတဆင့် တစ်လတစ်ကြိမ် ၂၅ ရာခိုင်းနှုန်းနှင့် သုံးလစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကိုလွဲပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီထပ်မံ ထုတ်ပြန် ခြင်းဖြစ်သည်။

ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ မိသားစုထံငွေပြန်ပို့မှုပျက်ကွက်ပါက ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာမှုကာလအကန့်အသတ်ဖြင့်ပိတ်ခြင်း၊ OWIC ကဒ်ထုတ်မပေးခြင်း၊ နိုင်ငံကူး လက်မှတ်သက်တိုးပိတ်ခြင်းတို့ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီခြိမ်းခြောက်ထုတ်ပြန်သည်။

” ဂျပန်ရောက်နေတဲ့အလုပ်သမားတွေအကုန်လုံး လစာ ၂၅ ရာခိုင်နှုန်းလွဲထားတဲ့ပြေစာကို မြန်မာဘက်ကအေဂျင်စီရော ဂျပန်ဘက်ကအေဂျင်စီပါပေးရမယ်ပေါ့။ လတိုင်းပေးရမယ်။ တရားဝင်အလုပ်သမားတွေအားလုံးပေးရမယ်။ မပေးရင် passport နဲ့ OWIC ကဒ်ပိတ်မယ်လို့ပြောတယ် ” ဟု ဂျပန်နိုင်ငံတွင်အလုပ်လုပ်နေသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ တဆင့်သွားရောက်သောအလုပ်သမားများ၏ လစာတရားဝင်ငွေလွှဲပေးပို့ထားသည့်အထောက်အထားများကို အကျိုးဆောင်အေဂျင်စီများက တောင်းထားရမည်ဟု စစ်‌ကောင်စီထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စစ်ကောင်စီကပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်ပြီး ပြည်ပရောက် အလုပ်သမားများအပေါ် ဝင်ငွေခွန်ကောက်ခံမည်ဟု ကြေညာထားပြီး အနည်းဆုံး နှစ်ရာခိုင်နှုန်းပေးဆောင်ရမည်ဟု သိရသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ ၄၅၅ ခုရှိပြီး ပြည်ပနိုင်ငံတွင် အလုပ်သမားရေးရာကိစ္စများပေါ်ပေါက်ပါက တာဝန်ယူဖြေရှင်းရန် နှင့် အပြည့်အဝကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြောဆိုထားသော်လည်း အိမ်နီးချင်းထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဖိနှိပ်ခံရမှုများရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ အလုပ်ကိုင်အေဂျင်စီများက ရွှေ့ပြောင်းအလုပ်သမားများထံမှ လုပ်ခလစာဖြတ်တောက်ခြင်း၊ တခြားနည်းနည်းဖြင့်ဖိအားပေးလွှဲပို့ရန်လုပ်ဆောင်သည့် အေဂျင်စီ (သို့မဟုတ်) ပုဂ္ဂိုလ်ကို ထိရောက်ပြင်း ထန်စွာအရေးယူ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက နိုင်ငံခြားငွေများကိုရှာဖွေပေးနေသော ပြည်ပရောက်မြန်မာနိုင်ငံသားများကို နိုင်ငံတော်က ချီးမြှောက်ငွေအဖြစ် အမေရိကန်တစ်ဒေါ်လာ ( ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ) ကို ငွေထုတ်ယူသည့်နေ့တွင် ထည့်သွင်းပေးမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုဘဏ်က ကြေညာထားသည်။

ဓာတ်ပုံ – MOI
#ပြင်ပရောက်အလုပ်သမား #ဘဏ်မှတရားဝင်ငွေလွဲရန်