ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၇ ရက်

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးရသည့် ဖြစ်စဉ်များအပေါ် နိုင်ငံတကာအနေဖြင့် လက်တွေ့ကျသည့် အရေးယူမှုများပြုလုပ်‌ပေးရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC)က တောင်းဆိုထား‌ ကြောင်းသိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် အသက်မပြည့်သေးသည့် ကလေးရှစ်ဦး နှင့် လူကြီးနှစ်ဦး စုစုပေါင်း ဆယ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀ လုံးဝန်းကျင် ပျက်စီးခဲ့ ကြောင်းသိရသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ(UN member states )၊ ဥရောပအဖွဲ့ဝင် နိုင်ငံများ(EU)၊ အာဆီယံနိုင်ငံများ အနေဖြင့် ဆက်လက်၍ မျက်ကွယ်မပြုဘဲ လက်တွေ့ကျပြီး ထိရောက်သည့် အရေးယူမှုများကို ဖော်ဆောင် ပေးကြရန် IEC ကတိုက်တွန်း တောင်းဆိုထားကြာင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့သူ အမိန့်ပေးခဲ့တဲ့သူ တိုက်ခိုက်မှုမှာပါတဲ့သူ‌ သေချာတာတစ်ခုကတော့ ရာဇဝတ်မှုကင်းလွတ် ခွင့်ပေးမှာမဟုတ်ပါဘူးဆိုတာ ပြောလိုပါတယ်။ ဥပဒေကြောင်းအရ ကျွန်တော်တို့ နိုင်ငံမှာဖြစ်စေ နိုင်ငံတကာမှာဖြစ်စေ တစ်ချိန်ကျရင်လုပ်ဆောင်သွားမယ့်နည်းလမ်း တွေလည်းရှာ ထားတာရှိပါတယ်။ နိုင်ငံတကာမှာ စစ်ရာဇဝတ်မှုနဲ့ပတ်သတ်ပြီးတော့မှ တရားစွဲဆိုနိုင်ဖို့ အရမ်း ခက်ပါတယ်။ ဒါပေမယ့် ဒီဟာက ရာဇဝတ်မှုမြောက်တယ်ဆိုတာကို ကျွန်တော်တို့ဖက်က ဆက်တိုက် သွားနေတယ်။ နိုင်ငံတကာတုံ့ပြန်မှုက ကြန့်ကြာနိုင်တယ်ဆိုတာသိတယ်။ ခက်ခဲတယ်ဆိုတာသိတယ်။ ဒီဟာက လက်ရှိအခြေအနေမှာ လုပ်နိုင်တဲ့နည်းလမ်းထဲကတစ်ခုဖြစ်တယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင် ကဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စက်တင်ဘာ ၅ နေ့ နံနက်ပိုင်းတွင်ပင် နန်းမယ်ခုံမြို့သို့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကရင်နီ ရဲတပ်ဖွဲ့ဝင် ရဲမေတစ်ဦး သေဆုံးခဲ့ပြီး အနီးရှိ ကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကိုယ်ဝန်ပျက်ကျခဲ့ရကြောင်းလည်း သိရသည်။

IEC မှ နိုင်ငံတကာသို့ အရေးယူမှုပြုရန် တောင်းဆိုမှုများတွင် စစ်အုပ်စုအား နိုင်ငံအသီးသီးမှ လက်နက် ခဲယမ်းတင်ပို့ရောင်းချမှုကို တင်းကျပ်စွာ ပိတ်ဆို့အရေးယူပေးရန်၊ လေယာဉ်ဆီများ တင်ပို့ရောင်းချ ပေးမှုကို လုံးဝရပ်တန့်ပေးသွားရန်၊ စစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ စစ်ခုံရုံးမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးချဲ့ပံ့ပိုး ကူညီပေးသွားရန် တို့ ပါဝင်ကြောင်း သိရသည်။

“နောက်ဆုံးအနေနဲ့ပြောလိုတာက ဒီလိုမျိုးလုပ်ငန်းစဉ်တွေကို ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာ ပြောလို တယ်။ ပြည်သူလူထုတစ်ရပ်လုံးနဲ့လည်း စစ်ကောင်စီရဲ့ကျူးလွန်မှုတွေကို အစုအဖွဲ့ရှိရှိနဲ့ ပေါင်းစပ် ညှိနှိုင်းပြီး အရေးယူနိုင်အောင်ဆက်သွားမယ်။ နောက်ပြီး ထိခိုက်သေကြေပျက်စီးခဲ့တဲ့ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာလည်း တပ်အားရှိသလောက် ပါဝင်ပူးပေါင်းပြီးတော့မှ တော်လှန်ရေးမှာထိခိုက်သွားတဲ့သူတစ်ယောက်ချင်းကို ကုစားနိုင်ဖို့အတွက် ကျွန်တော်တို့ရှိတဲ့အားရယ်၊ နိုင်ငံတကာအားရယ်၊ လူထုအားရယ် ပေါင်းစပ်ပြီးတော့မှသွားမှာ ဖြစ်ပါ တယ်” ဟု အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဆက်လက် ပြောသည်။

ကရင်နီပြည်တွင် ယခု ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းလည်း IEC ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်၊ ZattPhoto
ပုံစာ – လေကြောင်းတိုက်ခိုက်ခံပြီး နောက်မြင် တွေ့ရသည့် ထိခိုကိပျက်စီးမှုများ
#ကရင်နီ #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီ #စစ်ရှောင်စခန်း #အမျိုးသမီးသေဆုံး #ကလေးငယ် #Ayeyarwaddy_Times