ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ရှိ ရပ်ကွက်အချို့တွင် အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်းရှိသူများကို စစ်သင်တန်းတက်ရမည်ဟုဆိုကာ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် လဝက က စက်တင်ဘာလ ၄ ရက်နေ့တွင် စာရင်းကောက်ယူကြောင်း ဒေသခံများကထံကသိရသည်။

တေဇရပ်ကွက်ရှိ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်းရှိသူများအားလုံး ရပ်ကွက်လုံခြုံရေးအတွက် မဖြစ်မနေ စစ်သင်တန်းတက် ရမည်ဟုပြောဆိုကာ ရပ်ကွက်ရုံးခေါ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လဝက မှလက်မှတ်ထိုးခိုင်းသည့်အပြင် ဓာတ်ပုံပါရိုက်ခိုင်းကြောင်း ဒေသခံများကပြောသည်။

“ရုံးခေါ်ပီး စရင်းတွေရပ်ကွက်မှာ ကောက်တယ်၊ လက်မှတ်ထိုးပေးရတယ်။ ဓာတ်ပုံတွေပါရိုက်တယ်။ အခြားရပ်ကွက်မှာတော့ ဘာသံမှမကြားရသေးဘူး။ လူတွေ အဲဒီအတွက်နဲ့အလုပ်လဲမလုပ်ရဘူး၊ စိတ်တွေလည်းညစ်နေရတယ်”ဟု တေဇရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းမှာ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်တွင်နေထိုင်ပြီး ၎င်း၏ ယောက်ဖဖြစ်သူများမှာ စစ်ကောင်စီတပ်မှ အရာရှိဗိုလ်ကြီးများဖြစ်ပြီး အုပ်ချုပ်ရေးမှူးက ၎င်းတို့အမည်အသုံးပြုကာ ရပ်ကွက်အတွင်း မကြာခဏ ခြိမ်းခြောက်ပြောဆိုလေ့ရှိ​ကြောင်း တေဇရပ်ကွက်ရှိ ဒေသခံများကပြောဆိုသည်။

“အလုပ်ပဲလုပ်ရမလား၊ အဲဒါပဲလိုက်ရမလား၊ ဝေခွဲမရဖြစ်နေပြီးတော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းရဲ့ ယောက်ဖတွေက စစ်တပ်က ဗိုလ်ကြီးတွေဆိုတော့ သူတို့အရှိန်နဲ့ လုပ်ချင်တိုင်းကိုလုပ်နေတာ”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်
ကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာတစ်အုပ်စုလျှင် လူအယောက် ၇၀ ကို ပြည်သူ့လုံခြုံရေးထမ်းဆောင်ရမည်ဟုဆိုကာ စာရင်းတောင်းယူခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို ထိန်းချုပ်၍ ကျန်ဒေသများကို ကာကွယ်နိုင်ရန် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကိုဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူ အမျိုးသားများကို စစ်သင်တန်းပေးကာ လက်ရှိဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယခင်က အမျိုးသားများကို အသက် ၁၈နှ စ်မှ ၃၅နှစ်အတွင်း ပြည်သူ့စစ်မှုထမ်းရန်အတွက် ခေါ်ယူခဲ့သည့်အပြင် ယခုအခါ သြဂုတ်လကစတင်ပြီး မြို့၊ ရပ်ကွက်၊ အုပ်စု၊ ကျေးရွားများ၏ လုံခြုံ‌‌‌‌ရေးအတွက် အကြောင်းပြကာ အသက် ၃၅နှစ်မှ ၆၅နှစ်အထိ ထပ်တိုးကာ စစ်မှုထမ်းရန် စာရင်းများကောက်ယူနေခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းရှိ အမှတ်စဥ် ၅ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ

#ကျုံပျော် #အသက်၃၅နှစ်မှ၆၅နှစ် #စစ်သင်တန်းတက်ရန် #အုပ်ချုပ်ရေးမှူး #လဝက #လက်မှတ်ထိုးခိုင်း #Ayeyarwaddy_Times