ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ချင်းရွာ သုံးရွာကို စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထောက်ခံအားပေးဟု စွပ်စွဲကာ လေးလကြာထိ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူခွင့် ပိတ်ထားကြောင်း ဒေသခံများထံက သိရှိရသည်။
ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ပိတ်ထားခံရသည့် ကျေးရွာများသည် ဂုတ်စီးရိုး၊ စွန်ပျော်၊ မထုံးကျေးရွာတို့ဖြစ်ပြီး ယခုနှစ် မေလမှစ၍ စစ်ကောင်စီက စားနပ်ရိက္ခာများ သယ်ယူခွင့်မပြုတော့ဘဲ ပိတ်ထားခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်ကတည်းက အဲ့ဒီရွာတွေကို စစ်သားတွေက ဆန်၊ ဆီ၊ ဆားနဲ့ တခြားစားသောက်ကုန်တွေကို လုံးဝ သယ်ဖို့မပေးတော့တာပါ။ ဒီနေ့ထိ ပိတ်ထားတုန်းပါ။ သယ်မယ်ဆိုလည်း သူတို့မသိအောင်ခိုးကြောင်ခိုးဝှက်သယ်ရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စွန်ပျော်၊ မထုံး၊ ဂုတ်စီးရိုးကျေးရွာများမှ ဒေသခံများသည် ယခင်က အမ်း – မင်းဘူး ကားလမ်းအတိုင်း ပဒါန်းမြို့တွင် ဆိုင်ကယ်ဖြင့် စျေးဝယ်ထွက်သော်လည်း ယခုအခါ ပိတ်ထားသည့်အတွက် တောလမ်းမှ ခြေကျင်ဖြင့် နီးစပ်သည့်ကျေးရွာများမှတဆင့် စျေးဝယ်စားသောက်နေကြရကြောင်း သိရသည်။
စစ်ကောင်စီသည် စွန်ပျော်ကျေးရွာတွင် နတ်ရေကန်တပ်စခန်းမှ တပ်အင်အား ခန့်မှန်းခြေ ၄၀ ခန့်ဖြင့် တပ်စွဲထားပြီး ကျေးရွာဒေသခံများ၏ လှုပ်ရှားမူကို မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း သိရသည်။
ယခုနှစ် ဧပြီလ နောက်ဆုံးအပတ်နှင့် မေလ ပထမအပတ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင်စစ်ကောင်စီသည် အကျဆုံးများပြီး လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် အနီးနားရှိ ကျေးရွာအချို့တွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူခွင့် ပိတ်ထားခြင်းဖြစ်ကြောင့် အရှိုချင်းကာကွယ်ရေးတပ်(ACDF)ထံက သိရှိရသည်။
“စစ်ကောင်စီက ကျွန်တော်တို့ ရိက္ခာတွေကို ရွာသားတွေဆီက ရတယ်လို့ထင်တာပါ။ ဒါကြောင့် စစ်သားတွေက ရွာသားတွေကို ဆန်၊ ဆီ၊ ဆား သယ်ယူဖို့ပိတ်ထားတာဖြစ်တယ်။ တခြားရွာတွေမှာလည်း အဲ့လိုဘဲ စားသောက်ကုန်တွေ သယ်ယူခွင့်ကန့်သတ်ထားပါတယ်” ဟု ACDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် သြဂုတ်လ ၂၉ ရက်နေ့ကလည်း အာဇာကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင်စစ်ကောင်စီသည် လယ်တဲတွင် နေထိုင်သည့် အသက် ၆၀ ကျော် ချင်းအဘိုးအိုတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ရက်အကြာတွင် သတ်ဖြတ်ကာ အလောင်းပြန်မပေးဘဲ အာဇာကျေးရွာနှင့် စပ်စီကျေးရွာအကြားတွင် မြေမြှုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့ ကပစ တပ်ရင်းနှင့် နတ်ရေကန် တပ်စခန်းမှ စစ်ကောင်စီတပ်သည် ရံဖန်ရံခါ ချင်းရွာများတွင် စစ်ကြောင်းများထိုးပြီး ဒေသခံပြည်သူများ၏ တောင်ယာနှင့် ဥယျာဉ်ခြံအတွင်းမှ အသီးအနှံများ ခိုးယူစားသောက်နေသည်ဟု ဒေသခံများက ပြောသည်။
#ငဖဲမြို့နယ် #ချင်းရွာ #PDF #ထောက်ခံအားပေး #ဆန် #စားသောက်ကုန် #သယ်ယူခွင့် #ပိတ်ထား
#Ayeyarwaddy_Times