
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၇ ရက်
ကရင်နီပြည်နယ်အတွင်း ရာဇဝတ်မှုများ၊ ပြစ်မှုကျူးလွန်မှုများ များပြားလာသည့်အတွက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ(စစ်ဦးစီးအဖွဲ့) တို့ပူးပေါင်းကာ “တရားဥပဒေစိုးမိုးရေး စီမံချက်”တစ်ရပ်ချမှတ်ကာ တားမြစ်ချက်များကို ထုတ်ပြန်ခဲ့ ကြောင်း IEC ထံက သိရသည်။
တရားဥပဒေအားနည်းခြင်းက ပြည်သူများအပေါ်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း သက်ရောက်မှုများရှိနေသည့်အတွက် တရားဥပဒေစိုးမိုးမှုများရရှိရန် ရည်ရွယ်ချက်ဖြင့် တရားဥပဒေစိုးမိုးရေးစီမံချက် ကိုဖော်ဆောင်ခြင်းဖြစ်ကာ ပြည်သူများအပါအဝင် အုပ်ချုပ်ရေးတာဝန်ရှိသူ အားလုံး စီမံချက်တွင် ပူးပေါင်း ပါဝင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီမံချက်အတွင်းတွင် ရည်ရွယ်ချက်လုပ်ငန်း ငါးခု ပါရှိပြီး မူးယစ်ဆေးဝါး ရောင်း၀ယ်သုံးစွဲမှုကို နှိမ်နင်းရန်၊ မူးယစ်ဆေးဝါး ရောင်း၀ယ်သုံးစွဲမှု နှင့် ပတ်သတ်နိုင်ပြီး လူမှုကျင့်ဝတ်နှင့် မကိုက်ညီ သည့်လုပ်ငန်းများ၊ တရားမ၀င်လောင်းကစားမှုများ၊ တရားမ၀င် စည်းကမ်းမဲ့လက်နက်ကိုင် ဆောင်မှုများ၊ အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး တို့ပါဝင်ကြောင်း သိရသည်။
“အဓိကကတော့ ကရင်နီမှာ ရာဇ၀တ်မှု ထူပြောလာတယ်။ ဒါတွေကို စုပေါင်းပြီးတော့ ထိန်းသိမ်းဖို့ လိုလာတယ်။ အဓိကကတော့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်ဖို့ လိုလာတယ်။ အဲ့တော့ ကျွန်တော်တို့ရည်မှန်းချက် နှစ်ခုရှိတယ်။ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့်သိရှိလာပြီးတော့ ပူးပေါင်းမှုပိုကောင်းဖို့ပါ။ နံပါတ်နှစ် ရည်မှန်းချက် ကတော့ လူထုအပါအ၀င် state holders တွေ အားလုံး ပါ၀င်နိုင်မယ့်နည်းလမ်းတွေ ဖော်ဆောင်ဖို့နဲ့ ဒါကို ပကတိလက်တွေ့ အခြေအနေကို ထင်ဟပ်နိုင်မယ့်အစီအမံတွေနဲ့ လက်တွေ့ချမှတ်ပြီးမှ လုပ်ဆောင်နိုင်ဖို့ပါ။ ရေရှည်၊ ရေတို၊ ရေလတ်ရည်မှန်းပြီးမှလုပ်တယ်ပေါ့” ဟု IEC အထွေထွေအတွင်း ရေးမှူး ခူးပလုရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အထူးတားမြစ်ချက်တွင်ပါဝင်သည့် လုပ်ငန်းများတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းများ၊ အမျိုးသမီးများ အပေါ် လိင်အကြမ်းဖက်မှုလုပ်ရပ်များ၊ မြေပြင်နှင့် အွန်လိုင်းလောင်းကစားရုံများ၊ အွန်လိုင်းဂိမ်းများ ဖြစ်သည့် ဆလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး စသည့် ဂိမ်းများ အသုံးပြုနေသည့် လောင်းကစား လုပ်ငန်းများ၊ ခွင့်ပြုချက်မရှိသည့် လက်နက်ခဲယမ်းရောင်းဝယ်မှုများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လက်နက်ခဲယမ်းရောင်းဝယ်ဖောက်ကားမှုတွင် တပ်ဖွဲ့ခွင့်ပြုချက်မရပဲ ရောင်းဝယ် ကိုင်ဆောင်သည့်လက်နက်များ၊ မောင်းပြန်နှင့် ဆီမီးအော်တို သေနတ်များ ပါဝင်ပြီး ရပ်ရွာလူထုမှ ကိုင်ဆောင်လေ့ရှိသည့် ပစ္စတိုများ၊ တူမီးများ၊ လေသေနတ်များ၊ လက်လုပ်သေနတ်များ စသည်တို့နှင့် စပ်လျဉ်း၍မူ လက်နက် ခဲယမ်း စာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စည်းကမ်းသတ်မှတ် ချက်များ ဖြင့် ကိုင်ဆောင်စေခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့မှာ နှစ်ဆင့်ပေါ့နော်။ ပထမတစ်ဆင့်မှာတော့ ဒေသန္တရ အုပ်ချုပ်ရေးလို့ပြောတဲ့ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့နယ် အုပ်ချုပ်ရေးပေါ့နော်။ ဒီဒေသန္တရအုပ်ချုပ်ရေးက အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ထပ်ပြီးမှ ထုတ်ပြန်ဖို့ရှိတယ်ပေါ့။ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သတ်ပြီးတော့မှ အဲ့တာကို မလိုက်နာတဲ့လူဆိုရင် သတိပေးခံရတာတွေ တချို့သော တားမြစ်တာမျိုးတွေ ပညာပေးတဲ့ အစီစဉ်တွေရှိလိမ့်မယ်။ နောက်တစ်ဆင့် က တရားစီရင်ရေးမဏ္ဍိုင်နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်” ဟု အထွေထွေ အတွင်းရေးမှူးခူးပလုရယ် က ဆက်လက် ပြောကြားသည်။
တားမြစ်ချက်များကို ကျူးလွန်သူများကို ပြစ်မှုအကြီး၊ အသေးပေါ် အခြေခံ၍ ရှိရင်းစွဲဥပဒေကို ကိုးကားပြီး တရားစွဲဆိုမှုများလည်း ပြုလုပ်ရန်ရှိကာ အရပ်သားများအတွက် အရပ်ဖက်တရားရုံး နှင့်တပ်ဖွဲ့၀င်များကိုမူ စစ်ခုံရုံးဖြင့် အရေးယူမှုများ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်းလည်းသိရသည်။
ထို့ပြင် ယခုလာမည့် စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ IEC နှင့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ(စစ်ဦးစီးအဖွဲ့) တို့က “တရားဥပဒေ စိုးမိုးရေးဆိုင်ရာအလုပ်အဖွဲ့ (Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force)” တို့ကို ဖွဲ့စည်းကာ ၎င်းတို့ကို ညွှန်ကြားချက်များနှင့် လုပ်ပိုင်ခွင့်များပေး၍ ယခု စီမံချက်ပါ လုပ်ငန်းများကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – လုံခြုံရေး စစ်ဆေးမှုများပြုလုပ်နေသည့် KSP အဖွဲ့ဝင်အချို့(ပုံဟောင်း)။
#ကရင်နီ #တရားဥပဒေစိုးမိုးရေး #စီမံချက် #IEC #Ayeyarwaddy_Times