ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

ဆူရတ်သာနီပြည်နယ်မှာ မြန်မာဘာသာစကား သင်ကြားရေးစင်တာ ၆ ခု တရားမဝင် ဖွင့်လှစ် ထားကြောင်း တွေ့ရှိခဲ့လို့ ပိတ်ပင်ဖို့ အမိန့်ထုတ်ခဲ့တဲ့ အခြားပြည်နယ်တွေမှာ အလားတူ ဘာသာစကား ကျောင်းတွေ ရှိ မရှိ စုံစမ်းစစ်ဆေးဖို့ ထိုင်း ပညာရေးဝန်ကြီးဌာနက ဒေသန္တရ အာဏာပိုင်တွေကို ညွှန် ကြားလိုက်ပါတယ်။

ထိုင်းတောင်ပိုင်း ဆူရတ်သာနီပြည်နယ်က မေတ္တာရိပ် သင်ကြားရေးစင်တာမှာ ကျောင်းသူ/ ကျောင်းသားတွေက ထိုင်းနဲ့မြန်မာ နိုင်ငံတော်သီချင်းတွေ သီဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာကို ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ပါတယ်။

အဆိုပါသင်ကြားရေးစင်တာဟာ ဆူရတ်သာနီပြည်နယ်၊ Muang ခရိုင်က ဘန်ကွန်ရွာရှိ ဘန်ကွန် နည်းပညာကောလိပ်က ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတစ်ခုမှာ တရားမဝင် ဖွင့်လှစ်ထားတာကို တွေ့ရှိခဲ့ပါ တယ်။

တိုင်ကြားချက်ကြောင့် ပညာရေးဝန်ကြီး ရဲဗိုလ်ချုပ်ကြီး ပမ်ပွန်းချက်ချော့ဘ်နဲ့ အမြဲတမ်းအတွင်း ဝန် ဆူသစ်ကန်ဆန်သီယာတို့က အလားတူ သင်ကြားရေးစင်တာတွေကိုရှာဖွေဖို့ ပြည်နယ်အားလုံးမှ အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။

အဆိုပါသင်ကြားရေးစင်တာကို တရားဝင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည် နယ်ပညာရေးရုံးက ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့ပေမယ့် ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာကျောင်းသူ/ ကျောင်းသား ၁၂၅၀ ဦး ကျောင်းအပ်ထားကြောင်း ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆူခွန့်နိုပါဒီးက ပြောပါတယ်။

ဆူရတ်သာနီပြည်နယ်အတွင်းရှိ မေတ္တာရိပ်အပါအဝင် မြန်မာဘာသာစကားသင်ကျောင်း ၆ ခုကို ပိတ်သိမ်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အလုပ်သမား ကာကွယ်ပေးရေးကွန်ရက် (LPN) ညွှန်ကြားရေးမှူး ဆွန်ပေါင်ဆရတ်က ပညာ ရေးဝန်ကြီးဌာနရဲ့ မြန်မာဘာသာစကားသင်ကျောင်းတွေ ပိတ်သိမ်းတဲ့လုပ်ရပ်ကို ကန့်ကွက်ခဲ့ပြီး ပြည် တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းကလေးငယ်တွေကို ထိုင်းအစိုးရက ပံ့ပိုးကူညီသင့်တယ်လို့ ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Ministry shuts down six Burmese language schools

#Ayeyarwaddy_Times