ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ၏ မောင်ရွှေလေး ရေတပ် စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အာရက္ခတပ်တော်သည် သံတွဲမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော စစ်ကြောင်း များအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သံတွဲ့မြို့နယ်၊ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော မောင်ရွှေလေးရေတပ်စခန်းအား တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၅ရက်နေ့ ညနေ ၆နာရီတွင် အပြီး သတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ် ကြောင်း AA ကထုတ်ပြန်သည်။

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း တစ်လအတွင်း အာရက္ခတပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်ဟု AAက‌ ဆိုသည်။

ဤပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ စစ်ကောင်စီ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့ပြီးစစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသော နေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသော စခန်းဖြစ်သည်။

စစ်ကောင်စီသည် အဆိုပါစခန်းမကျစေရေးအတွက် ပင်လယ်ပြင်နှင့် စခန်းအတွင်းမှ လက်နက်ကြီး ပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်‌ကြောင်း သိရသည်။

အဆိုပါရေတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၄၀၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်း ရမိခဲ့‌ကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတို့၏ဒဏ်ရာရ၊ ကျဆုံးသောသူများကို စစ်တွေနှင့် ဧရာဝတီတိုင်းဘက်သို့ စစ်သင်္ဘောများဖြင့် အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားခဲ့ပြီး ကျန်ရစ်နေသည့်အလောင်းများကို AA က ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ရေတပ်စခန်း ထိုးစစ်အတွင်း ထူးချွန်ပြောင်မြောက်သော အာရက္ခစစ်သည်တော်များ၊ ထိုးစစ်၏ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၊ အာရက္ခ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ထားကြောင်း AA က ဆိုသည်။

ဓာတ်ပုံ-AA Info Desk
#သံတွဲ #မောင်ရွှေလေးရေတပ် #AAသိမ်းပိုက် #စစ်ကောင်စီ #၄၀၀ကျော်သေဆုံး #Ayeyarwaddy_Times