နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၆ ရက်၊ နံနက်အစေားပိုင်းတွင် လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးလာကြဲသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၁၁ဦးသေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း အဖွဲ့အစည်းထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်သည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသော မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီက ယနေ့နံနက် ၁ နာရီခွဲဝန်းကျင်တွင် မြို့လယ်ဘုရားနားရှိ ညဈေးတန်း အနောက်ဘက်နှင့် ဟိုကတ်ရပ်ကွက်ရှိ ကျားဖြူခန်းမတို့ကို လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ဗုံလာကြဲခဲ့ကြောင်း သိရသည်။

“ဒီမနက်အစောပိုင်းမှာ လေယာဉ်နဲ့ နှစ် ခါ ဗုံးလာကြဲသွားတယ်။ အဲဒီနှစ်နေရာလုံးက ပြည်သူလူထုနေတဲ့ နေရာတွေဖြစ်တယ်။ ဌာနဆိုင်ရာ ရုံးတွေဘာတွေလည်း မရှိဘူး။ သေဆုံးသူတွေထဲ လေးနှစ်အရွယ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေပါတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါမြို့တွင် ယခုရက်ပိုင်း TNLA နှင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၅ ရက်၌ လေယာဉ်ဝဲပျံခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“နေအိမ် ငါးလုံး လုံးဝပြာကျသွားတယ်။ ပြီးတော့ အဲ့နားတစ်ဝိုက် အိမ်တော်တော်များများ အမိုးတွေလှန်၊ ပြတင်းပေါက်တွေအကုန်ကွဲကျ။ အကုန်လုံးက လူထုအိမ်တွေပဲ။ ဒီမနက် ၈ နာရီကျော်မှာလည်း နောက်တစ်ကြိမ် လေယာဉ်လာဝဲတာ ရှိသေးတယ်” ဟု TWO မှ တာဝန်ရှိသူက ဆိုသည်။

ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် နေအိမ်များ၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်နှင့် အဆောက်အဦးတချို့ မီးလောင်ကာ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူများကို မိသားစုနှင့် ချိတ်ဆက်၍ သယ်ထုတ်ခြင်း၊ ထိခိုက်လူနာများအား ပရဟိတအသင်းမှ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက လက်ရှိအချိန်ထိ သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်လော်ဘီများကမူ TNLA တပ်ဖွဲ့ဝင်များ စုဖွဲ့ထားသော နေရာဖြစ်သောကြောင့် ယခုကဲ့သို့ ဗုံးလာကြဲခြင်းဖြစ်သည်ဟု ရေးသားနေကြကြောင်း သိရသည်။

ဓာတ်ပုံ – TWO
#စစ်ကောင်စီ #နမ့်ခမ်းမြို့ #၂ကြိမ် ဗုံးကြဲ #ကိုယ်ဝန်ဆောင်အမျိုးသမီး #၁၁ဦးသေဆုံး #၁၂ဦးထိခိုက်ဒဏ်ရာရ
#Ayeyarwaddy_Times