ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

စစ်ကောင်စီထိန်းချုပ်ထားသော စက်သုံးဆီဈေးတစ်ပတ်ကျော်ကြာဈေးမြင့်တက်နေပြီးနောက်တွင် ကျောင်းဖယ်ရီခများအပါအဝင် ခရီးစရိတ်များမြင့်တက်လာကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင်းရှိ စစ်ကောင်စီကျောင်းများအပါအဝင် ပုဂ္ဂလိကကျောင်းများတွင် ပြေးဆွဲနေသော ကျောင်းကားခများအပါအဝင် သယ်ယူပို့ဆောင်ရေးစရိတ်များ တိုးမြင့်လာခြင်းဖြစ်သည်။

လက်ရှိတွင် အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေချိန် ကျောင်းကြို/ ပို့ မော်တော်ယာဉ်များ၏ ပို့ဆောင်ခစရိတ်များမြင့်တက်လာသဖြင့် စိတ်ညစ်ရကြောင်း ကျောင်းသားမိခင်တစ်ဦးက ပြောကြားသည်။

“ဈေးတက်တော့ ကျောင်းကားခက တစ်လကို သုံးသိန်းလောက်ကျနေတာ။ အရင်ကဆို နှစ်သိန်းစွန်းစွန်းပဲ။ အခုကကျောင်းလခ တစ်လစာနှုန်းဖြစ်နေတာ ” ဟု ကျောင်းသားမိခင်တစ်ဦးက ဆိုသည်။

အဆိုပါကျောင်းကားခများက အနီးအဝေးပေါ်မူတည်ပြီး ကျပ် ၅၀၀၀ မှ ၄၀၀၀၀ ကျပ်ထိဈေးတက်ကာ ယခင်ကကျောင်းကားခ ကျပ် ၁၃၅,၀၀၀ ပေးရသည့်ခရီးအတွက် ယခုအခါ ၁၅၀,၀၀၀ ကျပ်၊ ယခင် ၂၆၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ်အထိဈေးတက်လာကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ထို့ပြင်ရန်ကုန်မြို့အတွင်း ရေသန့်ပို့ဆောင်ရေးလုပ်ငန်းလုပ်သူများကလည်း စက်သုံးဆီဈေးတက်သည့်အတွက်ကြောင့်ဟုဆိုကာ ရေသန့်တစ်ဘူးလျှင် ယခင်ကျပ် ၁,၀၀၀ မှ ၁,၂၀၀ ကျပ်၊ ယခင် ၁,၅၀၀ ကျပ်မှ ၁,၈၀၀ ကျပ်အထိဈေးတက်သွားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ယင်းပြင်စက်သုံးဆီ‌ဈေးမြင့်တက်မှုကြောင့် အဝေးပြေးခရီးစရိတ်များမြင့်တက်ခြင်းနှင့် အထွေထွေကုန်ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်းသိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် အပတ်စဉ်မြင့်တက်နေပြီး စက်တင်ဘာ ၆ ရက်နေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၃၂၁၅ ကျပ်၊ ၉၅ တစ်လီတာ ၃၃၅၅ ကျပ်၊ ပရီမီယံဒီဇယ် ၃၃၉၅ ကျပ်နှင့် ဒီဇယ် ၂၇၁၀ ကျပ်အဖြစ် စစ်ကောင်စီသတ်မှတ်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စက်သုံးဆီ #ဈေးတက် #ကျောင်းဖယ်ရီဈေးတက် #အဝေးပြေး #ခရီးစရိတ်တက် #Ayeyarwaddy_Times