
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းထိ တိုက်ပွဲဖြစ်ပွားလာပြီး စစ်ကောင်စီ၏ ဖားကန့်ဗျူဟာမှနေ၍ လက်နက်ကြီးများဖြင့် ခုခံပစ်ခတ်နေကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၆ရက် နံနက် ၁၀နာရီခန့်တွင် အထကစာသင်ကျောင်းအနီးကို ဖားကန့်ဗျူဟာမှပစ်ခတ်လိုက်သည့် ၆၀မမ ဗုံးသီး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စာသင်ဆောင်မှန်များကွဲပြီး ကျောင်းသားများ ထွက်ပြေးကြကြောင်း သိရသည်။
“ဆိုင်ကယ်သမားတစ်ဦးတော့ထိခိုက်ဒဏ်ရာရတယ်။ ညကလည်း စစ်တပ် တပ်စွဲထားတဲ့နား ပစ်ခတ်သံတွေကြားတယ်။ အောင်မြင်ရပ်ကွက်သစ်ဘက်မှာ။ ဒီနေ့မနက်တော့ ဖားကန့်ဗျူဟာကပါ ပစ်ကူနေတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယမန်နေ့ စက်တင်ဘာ ၅ရက်နေ့ညပိုင်းကလည်း စစ်ကောင်စီတပ်စွဲထားရာ မရှိကထောင်နှင့်အောင်မြေကွက်သစ်ရှိရာသို့ KIAတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။
KIA လွှတ်တင်သည့် ဒရုန်းကို စစ်ကောင်စီက လိုက်လံပစ်ချသည့်အတွက် ညပိုင်းအထိ သေနတ်သံများကြားနေရကြောင်းလည်း ဒေသခံအချို့ကပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်နေ့က ဆိုင်းတောင်- လုံးခင်း လမ်းဟောင်းပေါ်ရှိ ဂျန်ဂပ်ရွာကို စစ်ကောင်စီအင်အား ၁၀၀ခန့်က စစ်ကြောင်းထိုးလာသည့်အတွက် KIAက ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများနှင့်ပါခုခံတိုက်ခိုက်ခဲ့ပြီး ဖားကန့် မရှိကထောင်ကျေးရွာတွင် ဝင်ရောက်တပ်စွဲလိုက်သည့်အတွက် ထုံးဘို၊ ယူမာ၊ စည်ပင်ရပ်ကွက်တို့ရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က ဖားကန့်ရှိ တောမှော်နှင့် လမောင်တပ်စခန်းကြီး နှစ်ခုကို KIA ကသိမ်း ပိုက်ထားပြီး ဖားကန့်တွင် ကံစည်းဗျူဟာကုန်း၊ အောင်ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင်တပ်စခန်း၊ လယ်ပြင်ယမ်းချပ်၊ ဆိုင်းတောင်ရဲစခန်းကုန်း၊ ဖားကန့်ဗျူဟာကုန်းနှင့် ဖားကန့်ရဲစခန်းတို့ ကျန်ရှိနေသေးကြောင်း သိရသည်။
#ဖားကန့် #မြို့တွင်းတိုက်ပွဲ #စစ်ကောင်စီ #ဖားကန့်ဗျူဟာ #လက်နက်ကြီးပစ် #Ayeyarwaddy_Times