ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တစ်ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်သုံးဦးသည် ၎င်းတို့၏ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်(ဟားခါး)ထံမှ သိရသည်။

အလင်းဝင်ရောက်လာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးသည် ယခုလ စက်တင်ဘာ ၃ရက်မှ ၅ ရက်နေ့အတွင်း အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် လက်နက်ခဲယမ်းများပါရှိသည့်အတွက် ဆုကြေးငွေများ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်းသိရသည်။

“ကျွန်တော်တို့ ရဲ၊ စစ်သားတွေကို အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်တယ်။ အလင်းဝင်ဖို့ ဆက်သွယ်လာတဲ့သူတွေကိုလည်း ကျွန်တော်တို့ ဘေးကင်းလုံခြုံစွာ ခေါ်ထုတ်ပေးတယ်။ သူတို့ လက်နက်ခဲယမ်းပါရင် လက်နက်အပေါ်မူတည်ပြီး ဆုကြေးငွေချီးမြှင့်ပေးတယ်။ ပြီးတော့မှ လုံခြုံတဲ့နေရာ ပို့ပေးထားတယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်ချင်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့သည် CDF-Hakha ထံ ဆက်သွယ်နိုင်ပြီး အလင်းဝင်ရောက်လာသူများ၏ အသက်အန္တရယ်လုံခြုံရေးကိုလည်း ကာကွယ်စောင့်ရှောက်ပေးမည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၅ရက်နေ့ကလည်း ဟားခါးမြို့မှ ရဲတပ်သားတစ်ဦးသည် ၎င်း၏ လက်နက်ခဲယမ်းများနှင့် အတူ CDF-Hakha ထံအလင်းဝင်ရောက်လာခဲ့သည်။

ဟားခါးမြိုတွင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့သည် ၎င်းတို့တပ်စွဲထားသည့် ဘေးပတ်ဝန်ကျင်နှင့် မြို့တွင်းဂိတ်တွင် စစ်ရေးအသင့်ပုံစံဖြင့် လုံခြုံရေးယူ ဆောင်ရွက်နေကြောင်းသိရသည်။

“ထန်တလန်တိုက်ပွဲ ပြင်းထန်နေပြီဆို ဟားခါးရုန်းတောင်ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ကူပေးနေပြီ။ ထန်တလန် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဟားခါးက စစ်သားတွေ၊ ရဲတွေလည်း အငြိမ်မနေရတော့ဘူး။ အခုဆို သူတိုတပ်စခန်းတွေမှာ ပစ်ဖို့လက်နက်ကြီးတပ်ဆင်ပြီး အသင့်စောင့်ဆိုင်းနေကြတယ်။

တိုက်ပွဲမဖြစ်အောင်လည်း သူတို့လုံခြုံရေးကို အရင်ကထက်တင်းကျပ်ထားပြီး တစ်နေရာနဲ့တစ်နေရာ အင်အားလှည့်ပတ်သုံးနေတာတွေရှိတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် စစ်ကောင်စီ တပ်စခန်းဖြစ်သည် ဟားခါး ဗျူဟာကုန်း၊ ၂၆၆ တပ်ကုန်းအပါဝင် ၆ လမ်းဆုံ Gate၊ ထန်တလန် Gate၊ အင်း၀ဘဏ်ဂိတ်၊ လွတ်တော်/မန်းထာ စခန်း၊ Passport ရုံး၊ အထကကျောင်း၊ ခရိုင်ရဲစခန်း၊ ပြည်နယ်ရဲကုန်း၊ ဂန့်ဂေါ့ဂိတ် ၊ ကျော်ဘုတ်ဂိတ်၊ ချင်းပြည်ကောင်စီရုံး၊ ပြည်သူ့ ဆေးရုံ၊ ၀န်ကြီးအိမ်ယာ၊ ကညန ရုံး စသည့်နေရာများတွင် စစ်ကောင်စီတပ်များ ကျန်ရှိသေးကြောင်းသိရသည်။

#ဟားခါးမြို့ #တစ်ပတ်အတွင်း #ရဲတပ်ဖွဲ့ဝင်၃ဦး #လက်နက်ခဲယမ်း #အလင်းဝင် #Ayeyarwaddy_Times